လူတစ်ယောက်အပေါ် အချစ်တွေ ကုန်ဆုံးသွားတယ်ဆိုတာ ဖြစ်နိုင်လား?
အဲ့ဒီအဖြေကို သူမသိဘူး။
ဒါပေမယ့် သူ့နှလုံးသားကတော့ အဖြေရှာဖို့ ပင်ပန်းလွန်းနေပြီ။
Kyleရဲ့ အလုပ်စဝင်တဲ့ အထိမ်းအမှတ်နဲ့ ဂုဏ်ပြု စားပွဲ...။
မိန်းမလှလေးတွေနဲ့ စကားဖောင်ဖွဲ့နေတဲ့ Kyleရဲ့ဘေးမှာ သူက တစ်ယောက်တည်း ကြောင်အမ်းအမ်း...။
ဒီမှာ Kyleအပြင် သူသိတဲ့သူက တစ်ယောက်ပဲရှိတာ။
အဲ့ဒီသူက ဟိုအရိုင်းတုံး ဝမ်ရိပေါ်...။သူ့မျက်စောင်းထိုးမှာ မျက်နှာတည်တည်နဲ့ ထိုင်နေတယ်။ ခါတိုင်းလိုပဲ ဘယ်သူမှ သူ့နားမကပ်ရဲအောင် အေးစက်စက်အရှိန်အဝါအပြည့်နဲ့...။
အခု ဝမ်ရိပေါ်က သူ့ကို စိတ်ဆိုးနေတယ်။
မျက်လုံးချင်းတောင် အဆုံမခံဘူး။ဟိုတစ်ပတ်က အထင်လွဲမှုကြောင့် Kyleက သူ့ကို တအားဒေါသထွက်တယ်။
မတော်တဆပါဆိုတာ ဘယ်လိုရှင်းပြပြလည်း မယုံဘူး။ ဝမ်ရိပေါ်နဲ့ မပတ်သတ်ရဘူး တားတယ်။
သူ့မှာလည်း လိုက်နာရုံအပြင်မရှိ။
သူက ချစ်ရတဲ့သူ မဟုတ်လား။Kyle စိတ်ပြေတဲ့အထိ ခဏလောက် သူနဲ့မဆက်သွယ်ပဲနေဖို့ ပြောတော့ ဝမ်ရိပေါ်ကပါ သူ့ကို စိတ်ဆိုးတယ်။
Kyleရဲ့ အခြေအမြစ်မရှိတဲ့ သဝန်တိုမှုတွေကြောင့် ဒီချစ်သူသက်တမ်းသုံးနှစ်ကျော်ကာလအတွင်း မိတ်ဆွေသူငယ်ချင်းဆိုတာ သူ့မှာ မရှိ...။
အရိုင်းတုံး ဝမ်ရိပေါ်တစ်ယောက်ပဲ သူ့အနားမှာ ရှိတာ။ အခုတော့ ဝမ်ရိပေါ်ကပါ သူ့ကို ပစ်ပယ်လိုက်ပြီ။
သူ့ဘဝကို အခွံချည်းကျန်ရစ်အောင်လုပ်တဲ့နေရာမှာ Kyleဟာ သိပ်ကို တော်လွန်းပါတယ်။
Kyleရဲ့ လည်တိုင်တစ်ဝိုက်ရစ်ပတ်ထားတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ လက်တွေကို မျက်လုံးသေနဲ့ပဲ လှမ်းကြည့်လိုက်မိတယ်။
သူ့ကို ဘေးမှာထားပြီး ဒီမြင်ကွင်းမျိုး မြင်စေမှကို ဖြစ်မှာလား?
သူ့ဆီရောက်လာတိုင်း ပါလာတတ်တဲ့ လည်ပင်းတစ်ဝိုက်က အနီမှတ်တွေ...။
စွဲငြိနေတတ်တဲ့ အမျိုးသမီးသုံး ခပ်ပြင်းပြင်းရေမွှေးနံ့တွေ...။
အင်္ကျီကော်လံထက်က နှုတ်ခမ်းနီရာတွေ...။