တိတ်တဆိတ်ကျောခိုင်းသွားတဲ့ ကျောပြင်ကို ကြည့်ရင်း ရှောင်းကျန့် ဒေါသတလိမ့်လိမ့် ထွက်လာတယ်။
" ဝမ်ရိပေါ် ... မင်း ဘယ်သွားတာလဲ?အခုရပ်"
စိတ်ဆိုးဆိုးနဲ့ အော်ပစ်တော့ ခြေလှမ်းတွေက သိသိသာသာ တုန့်သွားတယ်။ ဒါပေမယ့် စင်္ကြံတစ်ဖက်စွန်းမှာ ရပ်စောင့်နေတဲ့ Isabella ဆီကို သွားနေတဲ့ ခြေလှမ်းတွေဟာ လုံးဝရပ်မသွားခဲ့ ... ။
Isabella က ဘယ်လိုလူမျိုးဆိုတာ သိတာတောင် ဝမ်ရိပေါ်က Isabella ကို မစွန့်လွှတ်ဘူးတဲ့။ တွေးလေလေ ခံပြင်းဒေါသ ထွက်လေလေ...။
"ဝမ်ရိပေါ် ... မင်းအခုချက်ချင်း ရောက်တဲ့နေရာမှာ ရပ်နေလို့ ကောပြောနေတယ်လေ"
ဘာပြောနေနေ ဝမ်ရိပေါ်က သူ့ကို လှည့်မကြည့်လာခဲ့ဘူး။ Isabella က သူ့ကို အောင်နိုင်သူလို လှောင်ပြုံးပြုံးရင်း စိုက်ကြည့်နေတယ်။
"ဝမ်ရိပေါ် !! "
ဘာတုံ့ပြန်မှုမှမရတဲ့ အဆုံး တိတ်ဆိတ်ပစ်လိုက်တယ်။ သူ့မှာ စိတ်ရှည်မှုဆိုတာက လက်မဝက်လောက်တောင်ရှိတာ မဟုတ် ... ။
မျက်နှာပေါ် လာရှုပ်နေတဲ့ ဆံပင်တွေကို နောက်ကိုလှန်သိမ်းပြီး လက်ကောက်ဝတ်ထက်က သားရေလက်ပတ်မှာ ရစ်ပတ်ထားတဲ့ ငွေရောင်ကြိုးပါးပါးကို တစ်ပတ်ချင်းစီ ဖြေလိုက်တယ်။
ထက်ရှလွန်းတဲ့ ဓားသွားသေးသေးတွေမြှုပ်သွင်းလို့ အနုစိတ်လက်ရာမြောက်အောင် ဖန်တီးထားတဲ့ ဒီငွေရောင်ကြိုးပါးလေးက လူတစ်ယောက်ရဲ့လည်ပင်းက သွေးကြောကို ဘယ်နှစ်စက္ကန့်အတွင်း ဖြတ်တောက်ပြီး ဇီဝိန်ခြွေပစ်နိုင်တယ်ဆိုတာ သူအသိဆုံး...။
ဝမ်ရိပေါ်က သူ့ကို မရွေးချယ်လည်း သူက ရအောင်ယူလိုက်ရင် ဖြစ်တာပဲ ။ ကြားမှာ အတားအဆီးဖြစ်နေတဲ့ တချို့လူတွေကို မြေမြှုပ်ပစ်လိုက်မယ်လေ... ။ ဘာအရေးလဲ?
တစ်ချိန်က ဂျစ်ကန်ကန် အပေါက်ဆိုးဆိုး ဆယ်ကျော်သက်လေး ဝမ်ရိပေါ်ရဲ့ရိုးစင်းတဲ့အဖြူရောင်လေး ပြန်မဖြစ်နိုင်တော့ဘူးဆိုမှတော့ Leo Alastair Raizel ရဲ့အန္တရာယ်များလွန်းတဲ့ အနီရောင်ပဲ ဖြစ်လိုက်ရင်လည်း သိပ်မဆိုးဘူး ဟုတ် ?
