Weil Recital ဂီတခန်းမထဲမှာ စန္ဒယားသံငြိမ်ငြိမ်လေးက ထွက်ပေါ်နေတယ်။လက်ချောင်းဖြူသွယ်သွယ်လေးတွေက စန္ဒယားခလုတ်တွေမှာ ပြေးလွှားလို့...။
Suitက ဆင်စွယ်ရောင် ၊ လှန်သိမ်းထားတဲ့ ခပ်အုပ်အုပ်ဆံပင်တွေက မည်းနက်နေတဲ့ ပိတုန်းရောင် ... မှိတ်ထားတဲ့ မျက်ခွံပါးပါးတွေကို အနားသတ်ထားတဲ့ မျက်တောင်နက်တွေက ခပ်စင်းစင်း... ။ယောင်ယောင်လေးပြုံးနေတဲ့ နှုတ်ခမ်းပါးလေးအောက်မှာ မှဲ့နက်လေးနဲ့...။
သူ့ရဲ့ဂီတတင်မကဘူး ။သူ့တစ်ကိုယ်လုံးက အနုပညာပဲ။
ဖြူစင်တယ်။ကြည်လင်တယ်။အေးချမ်းတယ်။သိပ်လည်း လှပတယ်။ နွေးထွေးတဲ့ မနက်ခင်းနေရောင်လေးလိုပဲ ။
ဒီအာရှသားလူချောလေးရဲ့ လက်သံကို နားဆင်နိုင်ဖို့ ပြိုင်ဆိုင်ရတာ အပြင်းအထန်...။ လူထောင်ချီ သောင်းချီဆန့်တဲ့ ခန်းမကြီးတွေအများကြီးရှိတဲ့ကြားကနေ သူက လူနှစ်ရာကျော်ပဲဆန့်တဲ့ ဒီဂီတခန်းမကိုမှတဲ့...။
သူJulliardကို ဝင်ခွင့်ရတော့ အသက်က ဆယ့်တစ်နှစ်...။ အောင်မြင်သူ၈%ပဲရှိတဲ့ ဂီတကျောင်းတော်ကို ဆယ်ကျော်သက်လေးနဲ့ ဝင်ခွင့်ရခဲ့တာ...။
သူက စကားမပြောနိုင်ဘူး။ဒါပေမယ့် သူက ဂီတနဲ့ ကမ္ဘာကြီးကို ဆက်သွယ်တယ်။ နားဆင်သူရဲ့စိတ်ခံစားချက်တွေကိုတောင် ထိန်းချုပ်နိုင်တဲ့ သူ့သံစဉ်တွေဟာ သူ့ရင်ထဲက စကားသံတွေ...။
ကျောင်းရဲ့ဂီတဖျော်ဖြေပွဲတစ်ခုမှာ သူပထမဆုံးပေါ်လာတယ်။ လူတွေအားလုံးရဲ့ နှလုံးသားကို သိမ်းယူသွားတယ်။ နာမည်ကြားရုံနဲ့တောင် အရူးအမူးဖြစ်ရတဲ့အထိ...။
အဲ့ဒီစန္ဒယားပညာရှင်လေးက အခုတလော မျက်ရည်ကျလောက်စရာတေးသွားတွေချည်း ဖန်တီးနေတယ်။
ရှေ့ဆုံးတန်းမှာတော့ ခပ်လျော့လျော့ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ဆွေးမြေ့မြေ့ စန္ဒယားသံစဉ်ကို နားထောင်ရင်း မျက်မှောင်ကျုံ့နေတယ်။
Suitအပြည့်နဲ့ အမျိုးသားတွေ ၊ ပွဲတက်ဂါဝန်နဲ့အမျိုးသမီးတွေ ... Elegant ဆန်တဲ့ လူတွေကြားမှာ သူက ထီးထီးကြီး...။
