Belle Marièe ... ။
ကမ္ဘာ့ထိပ်တန်းဒီဇိုင်နာတွေရဲ့မင်္ဂလာဝတ်စုံတွေချည်း စုစည်းနေတဲ့ နေရာတစ်ခု ... ။
အထက်တန်းလွှာက သတို့သမီးလောင်းလေးတွေတိုင်း မင်္ဂလာပွဲမတိုင်ခင် ဒီဆိုင်ကို သေချာပေါက် လာကြတယ်။
အခုဧည့်သည်က နိုင်ငံရေးနယ်ပယ်မှာ အလွှမ်းမိုးနိုင်ဆုံး မိသားစုကြီးရဲ့တစ်ဦးတည်းသော သခင်မလေးမို့ ဝန်ထမ်းတွေအများကြီးက သူမအနားမှာ ပြာယာခတ်နေတယ်။
မျက်လုံးပြာပြာ ဆံပင်ငွေရောင်တွေနဲ့ သူမက အလွှာလွှာအထပ်ထပ်နဲ့ ခပ်ဖားဖားအဖြူရောင်ဂါဝန်ကြီးနဲ့ ရူးလောက်အောင် လှတယ်။
အရောင်းဝန်ထမ်းလေးတချို့မှာမိန်းကလေးချင်းတောင် ငေးကြည့်ရင်း ပါးတွေရဲလာရတယ်။
မော်ဒယ်တစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုအားပြင်းတဲ့ မျက်ဝန်းတွေက တစ်ချက်လေးပဲ စွေကြည့်ရင်တောင် ကြည့်မိသူက ပက်ပက်စက်စက်ကြွေကျရတယ်။
ဆိုင်တစ်ဆိုင်လုံးမှာ တစ်ယောက်ထဲကသာ သူမကို အာရုံထဲရှိမနေတာ...။
ခုံပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ အမျိုးသား...။ စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ထားတယ်။ အေးစက်စက်မျက်ဝန်းတွေက စီးကရက်ငွေ့တွေကြား မှိုင်းရီနေတာပဲ။
ဆိုင်ထဲဆေးလိပ်မသောက်ဖို့ ပြောမယ့် ဝန်ထမ်းမလေးက ပါးတွေရဲပြီး စကားမဆက်နိုင်ဘူး။
"Leo ... တို့ကို ကြည့်ပါဦး ... ဘယ်လိုထင်လဲဟင်"
Leo ရဲ့ ဘေးပတ်လည်က ထိုင်းမှိုင်းနေတဲ့ လေထုကို လစ်လျူရှုပြီး အပြုံးတစ်ခုနဲ့ မေးလိုက်တယ်။
"အဆင်ပြေတယ် .. မင်းအရမ်းလှတယ်"
ပြတင်းအပြင် လမ်းမဆီကနေ အကြည့်တစ်ချက်မှ စွန့်ကြဲမလာပဲ ဖြေတာ...။
ဝန်ထမ်းမလေးတွေက သူမဘယ်လောက်လှကြောင်း ချီးကျူးမဆုံးဖြစ်နေကြပေမယ့် သူ့အတွက်တော့ bella က လမ်းမပေါ်က ဖြတ်သွားဖြတ်လာတွေလောက်တောင် စိတ်ဝင်စားဖို့ ကောင်းမနေခဲ့...။
သိပ်ချစ်ရတဲ့ အမျိုးသားရဲ့ ခြေရင်းမှာ ပြားပြားဝပ်နေရတဲ့ သူမရဲ့မာနတရားတွေက သူမကို လှမ်းလှောင်ပြောင်တယ်။
