ချစ်ခြင်းမေတ္တာရယ်လို့ ပြောရရင် သူ့မှာ များများစားစားမရှိပါဘူး။
ပျော့ညံ့လွန်းခဲ့တဲ့ သူ့ရဲ့ကလေးဘဝမှာ မျက်လုံးထဲ ဝတ်ရုံနီတလွင့်လွင့်နဲ့သူရဲကောင်းလေးဖြစ်ခဲ့တဲ့ သူ့ရဲ့ ညီလေး ... ၊ ကန္တာရထဲက အိုအေစစ်လေးလို တူလေးနှစ်ယောက် ... ၊ ပါးစပ်ကဆဲနိုင်လွန်းပေမယ့် သူလုပ်သမျှဘာမဆို နောက်ကလိုက်ထောက်ခံပေးမယ့် မွေးစားအစ်ကို ... ။
နောက်ပြီးတော့ အခုသူ့ရှေ့က တမေ့တမော့စိုက်ကြည့်တတ်တဲ့ မျက်ဝန်းညိုညိုတွေရယ်ပေါ့...။
"ကော... အိပ်နေတာ မဟုတ်ဘူးလား"
"ဟင့်အင်း...မင်းက ကောဆီကပုန်းနေတော့ ကောက မင်းလာတဲ့အချိန်ကို
ဒီလိုပဲ စောင့်နေရတာလေ"ညအိပ်မီးရောင်မှိန်မှိန်ထဲမှာ မြင်နေရတဲ့ အမျိုးသားက ခဲရောင်မှိုင်းမှိုင်းဂျက်ကတ်တစ်ထည်နဲ့ ... ။ ဂုတ်ထောက်နေတဲ့ဆံနွယ်ညိုတွေက ဖြစ်သလိုချည်နှောင်ထားပြီး မျက်နှာပေါ်မှာ တချို့တလေက ခပ်ဝဲဝဲကျနေတယ်။
တစ်ကိုယ်လုံးက အရိုင်းဆန်မှုအပြည့် ... ။
မျက်နှာချောချောက ငယ်ရွယ်ပျိုမျစ်မှုအပြည့်နဲ့ ခန့်ညားဆဲပေမယ့် အတိတ်က လူငယ်ဆန်မှုတွေ မရှိတော့ဘူး။
ရိုက်ချင်စရာကောင်းလောက်အောင် တည့်တိုးတွေပြောတတ်လွန်းပေမယ့် နွေးထွေးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေးဟာ အေးစက်လွန်းတဲ့ အမျိုးသားတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ရတယ်။
သူအနားမရှိတဲ့ အချိန်ကာလတွေကို ဒီအမျိုးသားက ဘယ်လို ဖြတ်သန်းခဲ့ရလို့ ဒီလောက်တောင် ပြောင်းလဲသွားရလေသလဲ။
အဲ့ဒီနေ့က သေနတ်ခလုတ်ကို ဆွဲပစ်ရင်း အမြင့်တစ်နေရာကနေ ပြုတ်ကျသွားတဲ့ ဒီလူသားကိုကြည့်နေခဲ့ရတဲ့ အချိန်က ရင်ထဲစူးနင့်လာတဲ့ နာကျင်မှုဟာ အခုချိန်ထိတောင် ပြန်တွေးမိတိုင်းနာကျင်ဆဲ...။
သူတောင် ဒီလိုဆိုရင် သူလို့အထင်နဲ့အသက်မဲ့တဲ့ Sean ကို ပွေ့ဖက်ရင်း သွေးရူးသွေးတမ်းဖြစ်ခဲ့ရတဲ့ ရိပေါ်ဆိုရင်ရော ဘယ်လိုခံစားခဲ့ရလောက်မလဲ။
