စိတ္တဇဆေးရုံရဲ့ မြေအောက်ခန်းက ခပ်မှိန်မှိန် မီးရောင်အောက်မှာ ဝါကျင်ကျင်...။
အနံ့အသက်က ရေညှိစိမ်းနံ့ရောနေတဲ့ညှီစို့စို့...။
ကုတင်ပေါ်မှာက ငွေရောင်ဆံနွယ်တွေနဲ့ မိန်းကလေးတစ်ယောက်...။
အခန်းနဲ့ မလိုက်ဖက်လောက်အောင် လှပတဲ့ သူမက လက်သည်းတွေကို သွေးထွက်တဲ့အထိ တတိတိကိုက်နေတယ်။
"သွားရမယ်။ မြန်မြန်သွားရမယ်။ Leo က ... Leo က နာနေတော့မှာ ... Leo က ဒဏ်ရာတွေ ထပ်ရနေတော့မှာ "
ငိုလိုက်ရယ်လိုက်နဲ့ အစိုးမရချင်တဲ့သူမစိတ်တွေက အတိတ်က မှတ်ဉာဏ်တွေဆီမှာ . . . ။
တမင် အရှုံးခံလာတဲ့ ရန်ပွဲမှာ ရလာတဲ့ ဒဏ်ရာအနာတယတွေနဲ့ Leo ကို အဲ့ဒီနေ့မှာလည်း လူမရှိတဲ့ ရှောင်းကျန့်ရဲ့ အိမ်မှာပဲ သူမ ရှာတွေ့ခဲ့ပြန်တယ်။
Leo က တိတ်ဆိတ်ရင်း ဧည့်ခန်း ကြမ်းပြင်ပေါ်မှာ ဆိုဖာကို မှီရင်း ငြိမ်သက်လို့...။
လက်ဆစ်က ဒဏ်ရာတွေက သွေးစတွေတောင် ခြောက်နေပြီ။
ခါးစောင်းက ဓားဒဏ်ရာကနေ သွေးတွေက အိုင်လို့ ... ။
မျက်နှာက သွေးရောင်ပျောက်နေပြီ။
မျက်ဝန်းတွေကလည်း ဦးတည်ရာမဲ့ ... ။နှုတ်ခမ်းတွေလည်း ဖြူဖျော့ခြောက်ကပ်လို့ သတိလွတ်ချင်နေပြီမှန်း သိသာနေတဲ့ အမျိုးသားက အတင်းတောင့်ခံထားတယ်။
ဒဏ်ရာတွေရတိုင်း ရှောင်းကျန့်ဆီ ပြန်ပြေးတတ်တဲ့ Leo ... ရှောင်းကျန့်ဆေးထည့်ပေးမှ ဆေးကုခံတဲ့ Leo က အခုသေလုမျောပါး ဒဏ်ရာတွေရနေပေမယ့် ရှောင်းကျန့်အိမ်ဆီမှာ လာပေတေနေပြန်တယ်။
ရှောင်းကျန့်မရှိတော့တာ တစ်လပြည့်လုနီးနီးရှိပေမယ့် Leo က အဲ့ဒီလို ရူးသွပ်နေတုန်း ... ။ ဆို့နင့်ကြေကွဲစိတ်နဲ့ ဘဝကို ပစ်စလတ်ခတ်ရှင်သန်နေတုန်း...။
ခေါင်းမာတဲ့ Leoကို Jay က ကြာလာရင် သူ့လက်နဲ့တင် သတ်မိတော့မယ်ဆိုပြီး သူမကို လွှတ်လိုက်တာ...။
ဒီထက် သွေးထွက်များလာရင် အန္တရာယ်ရှိလာတော့မှာမို့ Leo ကို သွားဆွဲထူမိတော့ အားမရှိချင်တဲ့ လက်တွေက သူမဆီက ကြိုးစားရုန်းထွက်သွားတယ်။