သံယောဇဉ်နွှယ်တဲ့ ရိုးရိုးရှင်းရှင်းချစ်ခြင်းတရားဆိုတာ သူ့အတွက်တော့ ဂီတအကြောင်းတစ်လုံးမှ နားမလည်ပဲ မျက်နှာရှစ်ခေါက်ချိုးနဲ့
သူ့ဂီတပွဲတိုင်း လိုက်တက်တဲ့ ဂျစ်ကန်ကန်ချာတိတ်လေးဖြစ်ခဲ့တာ ... ။အခု အဲ့ဒီချာတိတ်လေးက ပစ္စုပ္ပန်မှာ တခြားမိန်းကလေးတစ်ယောက်နဲ့ မနက်ဖြန်ပဲ တရားဝင်လက်ထပ်တော့မှာတောင် မျက်နှာတစ်ချက်မပျက်ပဲ သူ့ကို ပွေ့ဖက်ထားနိုင်သေးတဲ့ အေးစက်နားလည်ရခက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်လာတာက လွဲရင်ပေါ့...။
သူ့ခါးကို သိုင်းဖက်ထားတဲ့ သန်မာတဲ့လက်တွေ ၊ သူ့ကို တရှိုက်မက်မက် နမ်းရှိုက်လာတဲ့ နှုတ်ခမ်းတွေ သူ့ကို ကမ္ဘာကြီးတစ်ခုလိုမျိုး ကြည့်နေတဲ့ မျက်ဝန်းညိုတွေ ... ။
ဒါပေမယ့် အဲ့ဒီအရာတွေက မကြာခင်မှာ ပိုင်ရှင်ရှိလာတော့မှာတဲ့။
ဒီအမျိုးသားလေးက တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ တရားဝင်သက်ဆိုင်သူဖြစ်လာတော့မှာတဲ့။
အရက်နာကျတာနဲ့ စိတ်ရှုပ်တာပေါင်းပြီး ခေါင်းက ကွဲထွက်တော့မလိုပဲ။
တစ်စုံတစ်ရာကို ဖျက်ပစ်ချင်သလို ရူး
ရူးသွပ်သွပ် နမ်းရှိုက်လာတဲ့ ဒေါသပါရောယှက်နေတဲ့ အနမ်းရိုင်းရိုင်းတွေကလည်း သူ့ကို ပိုပြီးရီဝေမူးနောက်လာအောင် လုပ်နေတယ်။ပွေ့ဖက်မှုတွေအောက်က ရုန်းထွက်ပစ်တဲ့အခါ လက်တစ်ဖက်က ခါးကို သိုင်းဖက်လို့ ပြန်ဆွဲတယ်။ စိတ်ကို ပြန်ထိန်းနေရသလို သူ့ပခုံးပေါ်ခေါင်းမြှုပ်ထားတဲ့ အမျိုးသားက ဖြေးဖြေးချင်း အသက်ရှုသံတွေကို ပြန်ထိန်းတယ်။
နားသယ်စပ်ကို ဖွဖွနမ်းလာတဲ့ နှုတ်ခမ်းပါးပါးတွေက တိုးလျလျမေးတယ်။
"ကော...စိတ်ဆိုးနေတုန်းလား"
ဩရှရှအသံအဆုံးမှာ သူ့ရင်ထဲတစ်စုံတစ်ရာက ပေါက်ကွဲသွားသလိုပဲ။
လက်တွေကြားက အတင်းရုန်းထွက်ပစ်လိုက်တယ်။တည့်တည့်ကြည့်လာတဲ့ သူ့မျက်လုံးတွေကို ဝမ်ရိပေါ်ကလည်း ရှောင်မသွားခဲ့...။ အပြစ်ရှိစိတ်တစ်စွန်းတစ်စမှ ခံစားရပုံပေါ်မနေတဲ့ ခံစားချက်မရှိလုနီးပါး အေးစက်စက်မျက်ဝန်းညိုတွေကို သူပထမဆုံးအကြိမ် မုန်းမိတာပဲ။