ကမ္ဘာ့အရှေ့အလယ်ပိုင်း ကန္တာရအလယ်က Dubai ... ။
ခေတ်မှီလွန်းတဲ့ အဆောက်အဦးတွေ ... ။ လမ်းပေါ်မှာ ဥဒဟိုသွားလာနေတဲ့ ဒေါ်လာသန်းချီတန်တဲ့ Luxury ကားတွေ ... ။
သွားလာနေတဲ့သူတိုင်းကလည်း နွမ်းနွမ်းပါးပါး ဘယ်သူမှမပါ ... ။
UAE ဟာ သိပ်ကို ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံ ... ။နေရာတိုင်းမှာ စည်ကားနေပေမယ့် ကားပြိုင်ကွင်းကတော့ လုံးဝလူရှင်းနေတယ်။
အာရပ်မင်းသားရောက်နေတာမို့ လုံခြုံရေးအရ လူတွေကို ဝင်ခွင့်ပိတ်ထားတာ...။
နောက်ဆုံးပေါ်ပြိုင်ကားနှစ်စီးက ပြေးလမ်းပေါ်မှာ အရှိန်အပြည့်နဲ့ ... ။ သူတစ်လှည့်ကျော် ကိုယ်တစ်လှည့်ကျော်နဲ့ နောက်ဆုံးအပတ်မှာ အနီရောင်Ferrariက ပန်းတိုင်ကို အရင်ဆုံးက ဝင်သွားတယ်။
လောင်းကြေးအဖြစ် သူ့ရဲ့သစ္စာခံတစ်ယောက်နဲ့အတူ ဒေါ်လာ၂သန်းကို ရှုံးသွားပေမယ့် မင်းသားအာ့ချ်ရဲ့ မျက်နှာတစ်ချက်မပျက်...။ အာရပ်စော်ဘွားတွေရဲ့ ကြွယ်ဝမှုက အရပ်ပြောစကားမဟုတ်...။
မင်းသားအာ့ချ်က တစ်ဖက်ကားပေါ်က ဆင်းလာတဲ့လူကို လှမ်းကြည့်တယ်။
တစ်ဖက်လူရဲ့မျက်နှာချောချောဟာ ပြုံးစစ...။
သိမ်းငှက်က ပခုံးပေါ်လာနားတော့ ကျောက်ရိုင်းတွေလို လက်နေတဲ့ မျက်ဝန်းနက်တွေက အရောင်လက်သွားတယ်။"ဘယ်လိုလဲ အသည်းလေး...။ ပျော်လား? ဟောင်ကောင်ကနေ ဒူဘိုင်းပဲ ပြောင်းနေကြမလား"
ယဉ်ပါးနေတဲ့ သိမ်းငှက်က သူ့ပါးကို ခေါင်းတိုးပွတ်သပ်လာတယ်။
ပခုံးပေါ်က သိမ်းငှက်ကို လှမ်းပွတ်သပ်လိုက်တဲ့ သူ့လက်တွေက မြင်သူ ငေးမိစရာ...။
လက်ချောင်းတွေက ရှည်သွယ်သွယ်...။ပန်းရောင်ပါးပါးပြေးနေတဲ့ လက်သည်းခွံလေးတွေက ဖန်လွှာပါးပါးလေးလို ... ။ ဝါရွှေခြင်းဆီယိမ်းတဲ့အသားအရည်ကြည်ကြည်ကြောင့် ရှိမ်းမြမြအကြောစိမ်းစိမ်းလေးတွေကိုလည်း ထွင်းဖောက်မြင်နေရတယ်။
"အသည်းလေးရေ... ကိုယ်တို့ လူဖမ်းပြီးပြီဆိုတော့ ဥရောပဘက်သွားကြမယ် ... ကောင်းတယ်မလား "
