Unicode
ကန်တင်းထဲကို ဝင်လာတဲ့သူတွေမှန်သမျှ သူတို့နှစ်ယောက်ကို အထူးအဆန်းသဖွယ် ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာကြောင့် မင်ယွန်ဂီ နေရခက်နေပေမဲ့ အတောက်ပဆုံးအပြုံးကို ပြုံးထားပြီး မျက်စိရှေ့မှာ စက္ကူလိပ်ပြာတွေ ရောင်စုံထည့်ထားသည့် ဖန်ပုလင်းကို ကိုင်ကာ ရပ်နေသော ယွန်းယောန်းနာကို ရွှန်းရွှန်းစားစား ကြည့်နေလိုက်သည်။
စိတ်ပါလွန်း၍တော့မဟုတ်။ ဒါဟာ သူ့အလုပ်မလို့သာ။
ဒီနေ့က ချစ်သူများနေ့။ တစ်နည်းအားဖြင့် သူနဲ့ ယွန်းယောန်းနာ ချစ်သူဖြစ်ကြောင်းကို တရားဝင် ကြေငြာသည့်နေ့ပေါ့။ ထိုကြေငြာမှုဟာ သူ့အပေါ် မတရားရာကျပြီး အမှန်တရားမဟုတ်ပေမဲ့လို့။
မျက်စိကို ယွန်းယောန်းနာဆီက ခဏလွဲ၍ အပြင်ဘက်ကို ကြည့်လိုက်ချိန် လက်ဖဝါးကို လာကိုင်သော သူမကြောင့် ရုန်းဖို့ပြင်လိုက်ပေမဲ့ ယွန်းယောန်းနာက ကန်တင်းထဲတွင် သူတို့နှစ်ယောက်ကို အကဲခတ်နေကြသော လူအုပ်စုကို မျက်စပစ်ပြတာကြောင့် အောင့်သက်သက်နှင့်ပင် လက်ဖဝါးကို ပြန်ဆုပ်ကိုင်လိုက်ရသည်။
လူတွေကလဲ ဘာလို့ အထူးအဆန်းလုပ်၍ ကြည့်နေကြလဲမသိ။ သူတို့နှင့် မဆိုင်တဲ့ကိစ္စကို စပ်စပ်စုစုနိုင်ကြသည်။ တွေးရင်းနှင့် ဒေါသထွက်လာတာကြောင့် ယွန်းယောန်းနာ နားသို့ ကပ်ကာ တိုးတိုး ပြောလိုက်သည်။
" တစ်ခြားနေရာ သွားရအောင် ငါဒီမှာနေရတာ နေရခက်လာပြီ မင်းလဲ ဒီလောက်ဆို ကျေနပ်တော့ "
ပြောရင်း သူမလက်ကို လွတ်လိုက်တော့ အသံတိုးတိုးနှင့် ပြန်ပြောသည်။
" သွားချင်တယ်ဆို သွားမယ်လေ ဒါပေမဲ့ ကျွန်မလက်ကိုတော့ ပြန်ကိုင်ထား "
သူသက်ပြင်းသာ ချလိုက်ကာ သူမလက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
* ခွမ်း *
ရုတ်တရက် တစ်ခုခုကျကွဲသွားသံကို အနီးနားမှ ကြားလိုက်ရသဖြင့် စိတ်ထဲ ထိတ်ခနဲဖြစ်သွားကာ လှည့်ကြည့်မိသည်။
ကျကွဲသွားသော ဖန်ကွဲစများနှင့် လိပ်ပြာစက္ကူတွေကြားမှာ မတ်တပ်ရပ်ကာ မယုံနိုင်ဖွယ် မျက်ဝန်းဝိုင်းဝိုင်းတွေဖြင့် သူတို့နှစ်ယောက်ကို ရပ်ကြည့်နေသော ကလေးငယ်။ ဝိုင်းစက်နေသော မျက်ဝန်းထဲမှာလဲ သူမမြင်ချင်ဆုံးသော မျက်ရည်စတွေက ဝေ့ဝိုင်းနေသည်။
YOU ARE READING
First Kiss
RomanceJungkook OC Fic Summary - Love, comedy, romance, kiss, sad ( Unicode × Zawgyi )