အပိုင်း ၁

27.1K 445 2
                                    

Unicode font
ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]

အပိုင်း ( ၁ )

အခန်း ( ၁ )

"သင်္ကြန် ငါ့သားကို ကြည့်ပေးဦးနော်၊ သူ အရမ်းလိုက်ချင်နေလို့သာ လိုက်ခိုင်းရတာ၊ စိတ်ချတာ မဟုတ်ဘူး၊ ပြီးတော့ နင်လဲပါလို့..."

မျက်နှာချင်းဆိုင်ထိုင်ပြီး မမောနိုင်၊ မပန်းနိုင် စက်သေနတ်ပစ်လို မှာတမ်းခြွေနေတဲ့ အိမ်ဘေးက အန်တီနုကို အဖက်မလုပ်၊ ဘာမှပြန်မဖြေပဲ ဖုန်းကြည့်နေရင်း မုန့်ဟင်းခါးစားနေတဲ့ သင်္ကြန်ကို အမေက မျက်စောင်းခဲလှပြီ။ မွေးသမိခင်ဟာ သင်္ကြန် နားမထောင်နေမှန်းသိလို့ အန်တီနုကို အားနာနေပုံပင်။

"သင်္ကြန် ဖုန်းချထားစမ်း၊ အစာစားတုန်း ဖုန်းမကိုင်နဲ့လို့ ငါပြောထားတယ်မလား"
"အမေကလဲ၊ သမီး သူငယ်ချင်းတွေက ထွက်လာပြီလား မေးနေလို့ ပြန်ဖြေနေတာပါ"
"ကလေးတွေကို ရန်မဖြစ်အောင်လဲ ဂရုစိုက်ပေးဦး၊ ယောကျာ်းလေးတွေက သွေးကြွတဲ့အရွယ်ဆိုတော့..."

သင်္ကြန် စားလက်စဇွန်းကို ဆောင့်ပစ်ချပစ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ အန်တီနုသားကို ထိန်းဖို့ ရေကစားထွက်တာမှ မဟုတ်ပဲ။ ကိုယ့်ဘာသာ ပျော်ချင်လို့ သွားပါတယ်ဆို။ သူ့သားက လိုက်ချင်လို့ပါဆိုပြီး အတင်းလာထည့်ပြီး။ သင်္ကြန်က အရင်ဖိတ်ခေါ်ခဲ့တာလဲမဟုတ်။ အဲ့လောက်ထိ စိတ်မချရင်လဲ အန်တီနုဘာသာ လိုက်ပို့လိုက်ပါလား။ တကယ်ပဲ။ လူကို မှာတမ်းခြွေနေတာ သူ့သားထက် ဘယ်နနှစ်ပိုကြီးတဲ့လူကျနေတာပဲ။

အန်တီနုသား ကျော်ထက်ဦးးဟာ အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သော သင်္ကြန်ထက် လေးနှစ်လောက်ငယ်တော့ နှစ်ဆယ့်တစ်နှစ်လောက် ရှိပါပြီ။ သိပ်မကြီးသေးပေမယ့် ပြောသလောက်ကြီးလဲ ငယ်တော့တာမှ မဟုတ်ပဲ။ ဒီအသက်အရွယ်လောက်ဆို သူ့ဘာသာ အပေါင်းအသင်းတွေနဲ့ အမေ မသိအောင် ဘာတွေကို ဘယ်လောက်ထိများ ခိုးလုပ်ထားပြီးပြီလဲ မသိ။ ဒါကို သင်္ကြန်လည်တာလောက်ကို လာပြီး စာဖွဲ့ကာ စိတ်ပူပြနေသေးသည်။

ခင်သင်္ကြန်မိုးတို့ကတော့ ဆယ်တန်းဖြေပြီးတဲ့နှစ်ကစ၍ သူငယ်ချင်းတွေရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အမျိုးအဆွေများ စုကာ လူစည်ကားသော လမ်းမကြီးတစ်ခုပေါ်က ဖွားဖွားသုအိမ်ရှေ့မှာ ရေကစားမဏ္ဍပ်ထိုးပြီး စတုဒီသာပါ ကျွေးရင်း နှစ်တိုင်းရေကစားနေကျပါ။ သင်္ကြန်ရဲ့သူငယ်ချင်း မေမိုးရဲ့ အဖွားအရင်းဖြစ်တဲ့ ဖွားဖွားသု ကိုယ်တိုင်က ပျော်တတ်တဲ့လူဆိုတော့ ရေပက်ဖို့တင်မက စတုဒီသာ ကျွေးဖို့ကိုတောင် မ,တည်စိုက်ထုတ်ကာ အားပေးတဲ့လူ။ သူမတို့အုပ်စုက ကားနဲ့လျှောက်လည်တာ နည်းပြီး ကိုယ့်အုပ်စုနဲ့ကိုယ် မုန့်စားလိုက်၊ ရေပက်လိုက်နဲ့ ပျော်နေကြသူများပါ။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Where stories live. Discover now