အပိုင်း ၁၄

4.3K 162 1
                                    

Unicode font

ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]
အပိုင်း ( ၁၄ )

အခန်း ( ၃၅ )

"လက်မှတ်ထိုး… "

ဖိုင်တွဲနေတဲ့ သင်္ကြန်က သူမစားပွဲရှေ့မှာ ခပ်တည်တည် ရပ်ကြည့်နေတဲ့ နယုန်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သူ စားပွဲပေါ်တင်ပေးထားတဲ့ ယူကာစာချုပ်ကို ဖတ်ကြည့်လိုက်တော့… ။

"ဟမ်… ဘာကြီးလဲ"

လက်ထပ်မည်ဖြစ်ကြောင်း ကတိပြုစာချုပ် ဆိုပါလား။ ခေါင်းစဉ်ကို ဖတ်မိရုံနဲ့ သင်္ကြန်တစ်ယောက် ပြုံးစိစိ ဖြစ်သွားမိတော့သည်။ စာချုပ်မှာ အဖေနာမည်၊ မှတ်ပုံတင်နံပါတ်ကအစ ပြည့်ပြည့်စုံစုံ ရေးထားတာပဲ။

"ကျွန်တော် မောင်နယုန်ဖွား နှင့် ကျွန်မ မခင်သင်္ကြန်မိုးတို့သည် နှစ်ဦးသဘောတူ မေတ္တာရှိကြသူများဖြစ်ပြီး မည်သည့်အတားအဆီး၊ အနှောက်အယှက်ပင်ရှိရှိ တစ်ဦးကိုတစ်ဦး သစ္စာမဖောက်ဖျက်ပဲ လက်ထပ်ပါမည်ဟု ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးအပ်ပါသည်။"

ဒီအထိကတော့ မဆိုးသေး။

"အကယ်၍ သဘောတူထားသော ဤကတိသစ္စာကို တစ်ဦးတစ်ယောက်မှ စတင်၍ဖောက်ဖျက်ပါက ထိုသို့ပျက်ကွက်သူဘက်မှ နစ်နာသူအား လျော်ကြေးငွေသား သိန်းတစ်သောင်းကျပ်တိတိကို ပေးလျော်ရပါမည်။"

"ဟမ်… သိန်း တစ်သောင်းတောင်၊ ငါ့မှာ အဲ့လောက် ဘယ်ရှိမလဲ၊ အိမ်ရောင်းရင်တော့ ရမလားမသိ…၊ မြေဈေးတွေ တက်နေတယ်လို့တော့ ကြားတာပဲ၊ ဒါပေမယ့် မရလောက်ဘူး ထင်တယ်နော်"

ကတိတည်ဖို့ကို လုံးဝမစဉ်းစားပဲ လျော်ကြေးငွေအတွက်သာ ပူပန်ကာ စဉ်းစားပြနေတဲ့ သင်္ကြန်ကို နယုန် စိတ်ယားလာမိသည်။ တရားရုံးမှာ လက်မှတ်ထိုးဖို့ကို ငိုယိုပြီးငြင်းတော့ သနားကာ ဇွတ်အတင်းမလုပ်ရက်တော့။ ကိုယ်က ပိုပြီးချစ်ရတဲ့သူဆိုတော့ အလျော့ပေးရပါသည်။ ထိုနေရာကနေပဲ ဝေမွန်နဲ့ ကျော်ထက်ကို ဖုန်းဆက်တောင်းပန်ကာ ပြန်ခိုင်းလိုက်ရသည်။ သူငယ်ချင်းအရင်းတွေမို့ နားလည်မှုရှိလို့ တော်သေးသည်။

"အခု ရုံးကိုပြန်သွားတော့မယ်၊ ရုံးရောက်ရင်တော့ စာချုပ်တစ်ခုမှာ လက်မှတ်ထိုးပေးရမယ်၊ အဲ့ဒါတော့ ငြင်းခွင့်မရှိဘူးနော်"
"ဘာ… ဘာစာချုပ်ကြီးလဲ၊ လုပ်ပြန်ပြီ"
"စိတ်မပူပါနဲ့၊ လက်ထပ်စာချုပ် မဟုတ်ပါဘူး"
"ဒါပေမယ့် ဘာစာချုပ်မှန်းမသိပဲနဲ့ လက်မှတ်မထိုးနိုင်ပါဘူး"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Nơi câu chuyện tồn tại. Hãy khám phá bây giờ