အခန်း (၃) တတိယအကြိမ်မြောက် ဆုံဆည်းမှု

231 38 20
                                    

[Unicode]

"ဟေး.. သတိထားဦးလေ!"

"အ.."

တစ်ဖက်လူ အသိရှိလိုရှိငြား အတည်ပြုလိုသဖြင့် ယွင်ရှီး လက်တစ်ဖက်ကို ဓားဒဏ်ရာပေါ်သို့ ဖိအုပ်လိုက်ရင်း သူ့မျက်နှာထံမော့ကာ အကဲခတ်ရသည်။ ထူထဲသည့် မျက်ခုံးတန်းတို့ စုကျုံ့သွားပြီးနောက် သူကအသံသဲ့သဲ့ပြုလာ၏။

ယွင်ရှီးထိတ်လန့်သွားသည့် စိတ်အစဥ်နှင့်အတူ စိုးရိမ်မှုကလည်း ဝင်ရောက်လာတော့သည်။ အတော်အသင့်နက်ရှိုင်းလှသည့် ​ပြတ်ရှရာမှာ ဒီအတိုင်းထားလျှင် သေချာပေါက် အန္တရာယ်များလိမ့်မည်ပင်။

"မင်း.. နေဦး အရင်ဆုံး တက္ကဆီငှားရမယ်
ဆေးရုံသွားရအောင်"

အချိန်ကား အတော်ပင်နောက်ကျနေပြီမို့ ရထားနှင့်ပြန်သွားဖို့ မဖြစ်နိုင်တော့။ ဦနှောက်ကိုအလျင်အမြန်အလုပ်ပေးလိုက်ရင်း ယွင်ရှီးဆုံးဖြတ်ချက်ကိုပြောမိ၏။ သွေးထွက်လွန်သွားပါက ဒီကလေး ဒုက္ခရောက်လိမ့်မည်။

"မသွားဘူး"

အနှီလူကို လက်တစ်ဖက်ဖြင့် ပွေ့ထိန်းရင်း တွဲကူဖို့ကြိုးစားသော်ငြား သူက ငြင်းဆန်သည့်စကားဆိုကာ လက်ဖဝါးခပ်ကြီးကြီးတစ်ဖက်က သူ့ဒဏ်ရာကိုဖိထားသည့် ယွင်ရှီးလက်တွေကို ဖိဆုပ်လာသည်။ လက်ချောင်းသွယ်သွယ်နှင့် ထင်ရှားလှသည့်လက်ဆစ်တို့ပေါ်၌ ပွန်းပဲ့ရာအချို့ရှိ၏။ အစောက ရန်ပွဲ၏ အကျိုးဆက်ဖြစ်မည်ထင်ရသည်။

"မသွားလို့ဖြစ်မလား! မင်း သေသွားမှာပေါ့!"

သူ့မှာ စိတ်တိုတိုနှင့် အော်မိတော့၏။ လက်ဖဝါးတစ်ခုလုံးလည်း သွေးစတို့စွန်းပေနေပြီဖြစ်သည်။ ကာယကံရှင်ကိုယ်တိုင်၏လက်၌ပင် အနီရဲရဲအရောင်တို့ ကူးစက်လာလေပြီ။

လူကြီးတွေကို မကုချင်တာဒါကြောင့်ပဲ။
ကလေးဆိုတာမျိုးက ချော့မော့လိုက်ရင် ရသေးတယ်။ ဒီလိုခေါင်းမာတဲ့ လူနာမျိုး ယွင်ရှီး သိပ်မုန်းတာ။ ပြီးရင် ကုရတဲ့လူက အသက်ထွက်မတတ်ပျာယာခတ်ရတာကို သူတို့မသိ။

"အဟက်.. စိတ်ချ ကိုယ် မသေနိုင်ပါဘူး"

ယွင်ရှီး စိုးရိမ်စိတ်ကြောင့် ရှူးရှုးရှားရှားဖြစ်နေစဥ် ကြားလိုက်ရသည်က ရယ်သံသဲ့သဲ့နှင့်အတူ သူ့ကိုယ်သူ ယုံကြည်မှုရှိဟန် စကားသံအချို့။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now