အခန်း (၂၆) အပြောင်းအလဲ

154 23 8
                                    

[Unicode]

"ယွင်ရှီးက နှင်းလျှောစီးရတာကြိုက်တယ်လို့ ဝေ့ကျဲဆီကနေ ကိုယ် ကြားထားတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တို့နှစ်ယောက်က အကြိုက်တူတာပဲ။ အဲဒါကြောင့် ကိုယ် စီစဥ်လိုက်တာ"

"အွန်း"

အဖြူရောင် အကာအကွယ်ဦးထုပ်ကို စနစ်တကျဆောင်းပေးရင်း ဖေးယွီပြောမိတော့ သူ့ရှေ့ကလူက တုံ့ပြန်အသံပြုလာရင်း ခေါင်းလေးညိတ်ကာ ထောက်ခံသည်။ မျက်ဝန်းတွေပြုံးယောင်သမ်းကာ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်နေသည့်လူသားက အမှတ်တကယ်ပင် စိတ်ရွှင်လန်းနေပုံရ၏။

အနီရဲရဲလေကာအင်္ကျီထဲနှစ်မြုပ်နေသည့် ပုံရိပ်ကလေးကို ဖေးယွီ အကြည့်မလွှဲနိုင်သလိုမျိုး သူကလည်း ဖေးယွီကို တမေ့တမော ငေးကြည့်လေသည်။ အရပ်ရှစ်မျက်နှာလုံး နှင်းမှုန်ဖြူဖြူတွေသာ လွှမ်းခြုံထားသည့် တောင်ကုန်လေးထက်၌ ဖေးယွီရှေ့ကလူမှာ အနီရောင် ဘယ်ရီသီးကလေးပမာ။

ခပ်သေးသေးပါးပြင်နှစ်ဖက်က အအေးဒဏ်ကြောင့်ပန်းနုရောင်သမ်းစပြုနေပြီး အသက်ရှုထုတ်လိုက်တိုင်း ထွက်ပေါ်လာသည့် အခိုးအငွေ့လေးတွေသည်ပင် တစ်မျိုးတစ်ဖုံ ချစ်စဖွယ်ဖြစ်နေလျက်။

မြို့နှင့်မနီးမဝေးနေရာတွင်ရှိသည့် နှင်းလျှောစီးစခန်းလေးက အတော်လေးကို အဆင်ပြေလှပေသည်။ အတော်အသင့်မတ်စောက်သော တောင်ကုန်းလေးတွေအပြင် ကွင်းနှင့် မလှမ်းမကမ်းမှာလည်း အနားယူဖို့နေရာလေးတွေကလည်း အပန်းဖြေဖို့လာကြသူတွေအဖို့ သက်သောင့်သက်သာ ဖြစ်စေ၏။

သူတို့နှစ်ယောက် အကာအကွယ်ဝတ်စုံတွေကို အကျအနပြင်ဆင်နေသည့် အခိုက်မှာပဲ ဘေးဘက်အရပ်မျက်နှာတွေမှာလည်း သူ့အစုနှင့်သူ နှင်းလျှောစီးနေကြသူတွေက သူတို့ကို တခုတ်တရ ငေးသွားကြသည်။ ဖေးယွီရှေ့က ပုံရိပ်ကလေးမှာတော့ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းလေးတွေပင် တလက်လက်တောက်ပနေလေပြီ။

"အဆင်သင့်ဖြစ်ရင် သွားကြစို့"

ဖေးယွီ တစ်ဖက်လူရဲ့ မျက်လုံးအကာမှန်ကို ဆွဲချပေးလိုက်ပြီး သူကိုယ်တိုင်လည်း အသင့်ပြင်လိုက်၏။ ခပ်ပြေပြေသာ မတ်စောက်နေသည့် တောင်ကုန်းတစ်လျှောက် ယွင်ရှီးက ဦးစွာဆင်းချသွားသည့်အခါ ဖေးယွီ  ski poles ကို နှင်းထုပြင်ပေါ်တစ်ချက်ထောက်လိုက်ပြီး  ရွှေ့လျားစေရင်း အနီရောင်ပုံရိပ်ငယ်ကို အမီလိုက်ရသည်။

Yī Shēng Yī Mèng [一生一梦]Tempat cerita menjadi hidup. Temukan sekarang