အခန်း (၈) သံသယ

163 29 8
                                    

[Unicode]

မတ်လလယ်၏ ရာသီဥတုဥကား သာယာသည်ဟုဆိုရသည်ထက်ပင်ပိုသည်။ နံနက်စောစောက မိုးနည်းနည်းကျထားသဖြင့် လေထုမှာ အနည်းငယ်တော့ ချမ်းစိမ့်စိမ့်ဖြစ်ချင်၏။ မျက်စိတစ်ဆုံးရှိ ထင်းရှူးပင်တို့ကလည်း မိုးရေတို့စိုစွတ်နေ၍ အစိမ်းရင့်ရောင်ကဲလျက်။

ဝရံတာလက်ရန်းပေါ် လက်နှစ်ဖက်ထောက်ထားမိရင်း မိုးနံ့ပါသည့် လေပြည်အေးကို ရှူရှိုက်မိချိန် စိတ်ကြည်လင်လန်းဆန်းမှုကြောင့် နှုတ်ခမ်းလွှာတို့ ကွေးညွတ်သွားရသည်။ တစ်ချက်တစ်ချက် လေကလေးများ ဝေ့ဝဲတိုက်ခတ်လာလျှင် သူ့ဆံပင်တို့က လွင့်ခနဲ။ 

"အအေးမိတော့မှာပဲ"

ရုတ်တရက် ကြားလိုက်ရသည့်အသည့် ခပ်သြသြအသံကြောင့် ယွင်ရှီးမျက်ဝန်းတို့က ဆတ်ခနဲပွင့်သွားရ၏။ နီညိုရောင် suit ကို ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားသည့် အမျိုးသားငယ်က မှန်တံခါးကို ခပ်လျော့လျော့မှီထားရင်း ယွင်ရှီးကို စိုက်ကြည့်နေလေသည်။

"ဥက္ကချန်.."

"ကိုယ် တံခါးခေါက်သေးတယ်။ မင်း ပြန်မဖြေတာနဲ့ ဝင်လာလိုက်တာ"

ရှင်းပြလာသူ၏ စကားကို ယွင်ရှီး ခေါင်းညိတ်လိုက်ပြီး လက်ခံလိုက်သည်။

ဟုတ်မည်။ ယွင်ရှီးက ဝရံတာမှာ ရပ်နေခဲ့တာဆိုတော့ တံခါးခေါက်သံကို ကြားနိုင်မည်မဟုတ်ချေ။ ယွင်ရှီး လက်မြောက်လိုက်ပြီး နာရီကြည့်မိတော့ ခုနစ်နာရီခွဲ။ သူတို့ သွားဖို့သင့်ပြီ။

"သွားရအောင်လေ"

သတိပေးလိုက်တဲ့ ယွင်ရှီးစကားကို တစ်ဖက်လူက ခေါင်းညိတ်နာခံပြီး နောက်ကို ခြေတစ်လှမ်းဆုတ်ကာ နေရာဖယ်ပေးလာသည်။ ယွင်ရှီး အထဲကိုပြန်ဝင်လာလိုက်ပြီးမှ မှန်နံရံတံခါးကိုပိတ်ကာ ကန့်လန့်ကာတို့ကို ချလိုက်သည်။ ချန်ဖေးယွီကိုကြည့်မိတော့ သူက တံခါးဝကနေ ယွင်ရှီးကို လှမ်းကြည့်နေသည်။

ယွင်ရှီး ဆိုဖာပေါ်က အလုပ်အိတ်ကို ကောက်ကိုင်လိုက်ပြီး တံခါးဆီလှမ်းခဲ့တော့သည်။ ခြေလှမ်းတို့ကိုဂရုတစိုက်လှမ်းမိသည်က တိတိကျကျပင် အိမ်ကြီးရှင်နှင့် သုံးလှမ်းအကွာမှဖြစ်သည်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now