အခန်း (၁၁) စွဲလမ်းမိလေသော

199 31 14
                                    

[Unicode]

ကြမ်းခင်းကြွေပြားပေါ် တစိမ့်စိမ့်စီးဆင်းလာတဲ့ နီစွေးသည့် စေးပျစ်ပျစ်အရည်တွေ

အသက်ဝိညာဥ်ကုန်ခမ်းလုမတတ် အော်ဟစ်သံတွေ

လက်နှစ်ဖက် ခြေနှစ်ဖက်က အသားစတွေထဲမှာ နစ်ဝင်နေတဲ့ ကျည်ဆန်တွေ

သွေးဆာရက်စက်မှုတွေနဲ့ အကြင်နာတရားကင်းမဲ့တဲ့ အပြုအမူတွေ

အပြစ်သားလို့ ယူဆခံထားရတဲ့လူက မလှုပ်မယှက်လဲလျောင်းနေပြီး အပြစ်ပေးသူ အရှင်သခင်၏ အမူအရာမှာကား အေးစက်ကာ တည်ငြိမ်နေ၏။ ယခုချက်ချင်းဖြစ်ပျက်သွားသည်တို့က ကာယကံရှင်ကိုယ်တိုင်နှင့် စိုးစဥ်းမျှ မသက်ဆိုင်သည့်အလား။

ဘယ်လိုဖြစ်လို့.. ဘယ်လိုဖြစ်လို့များ သူက ဒီအဖြစ်အပျက်တွေထဲမှာ ပါဝင်ပက်သက်သွားရပါသလဲ။

မျက်စိရှေ့က အနိဋ္ဌာရုံ မြင်ကွင်းကိုသာ ငေးနေမိရင်း ခေါင်းထဲက ဗလာဖြစ်နေ၏။ တုန်ယင်နေသည့် ခန္ဓာကိုယ်ကို သတိထားမိနေပေမယ့်လည်း နေရာမှမရွေ့နိုင်ဘဲ လှုပ်ရှားနိုင်စွမ်းတို့ ကင်းမဲ့နေသည်။ ဝဲဘက်ရင်အုံအတွင်းက တဒုတ်ဒုတ်မြည်ဟီးသံက သူ့အသိစိတ်တွေကို ဆွဲနုတ်ယူသွားသည့်နှယ်။ ထိတ်လန့်ကြောက်ရွံမှုမှတစ်ပါး ဘာကိုမှ ခံစား၍မရတော့။

"သခင်!"

ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်ပုံကျသွားသည့်အချိန်တစ်စုံတစ်ယောက်က ယွင်ရှီးကို လှမ်းမြင်လိုက်ပြီး အလန့်တကြား အော်ဟစ်သတိပေးသည်။

မမြင်အပ်သည့် အဖြစ်အပျက်တို့ကို ကြုံတွေ့လိုက်ရမှန်း အသိဝင်လာသဖြင့် နေရာမှထွက်ပြေးရမည့်အတွေးဝင်လာသော်လည်း ခေါင်းထဲက တရိပ်ရိပ်မူးဝေကာ ရင်ထဲ၌အော်ဂလီဆန်လာသည့် ဝေဒနာကြောင့် လူက လှုပ်ရှား၍မရ။

အသက်ရှူရသည်မှာ ခက်ခဲလာပြီး အသိစိတ်ဆုံးရှုံးလုလုအခြေအနေတွင် အနည်းငယ်အလောတကြီးနိုင်သည့်ခြေသံနှင့်အတူ သန်မာသည့် လက်နှစ်ဖက်က သူ့အား ပွေ့ထူလိုက်ခြင်းကို ခံစားမိလိုက်သည်။

"ယွင်.."

နူးညံ့ကာ သိမ်မွေ့သည့်ခေါ်သံ။ ဝေဝေဝါးဝါးဖြစ်နေသည့် အမြင်အာရုံထဲ၌ တည်ကြည်ကာ ချောမောသည့်မျက်နှာတစ်ခု ဝင်ရောက်လာသည်။ မျက်ခုံးနှစ်ဖက်တွန့်ချိုးထားပြီး မျက်ဝန်းအကြည့်တို့ မတည်ငြိမ်သည်က စိုးရိမ်စိတ်ကြောင့်ဖြစ်နိုင်မည်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now