အခန်း (၇) အစပြုရာနေ့ရက်များ

169 32 7
                                    

[Unicode]

ဧည့်ခန်းမျက်နှာကျက်ရှိ ဖန်မီးဆိုင်းကြီးဆီမှ ငွေဖြူရောင်အလင်းတန်းတို့က အိမ်ကြီးရှင်၏ မျက်နှာကို ပို၍ ရှင်းရှင်းလင်းလင်း မြင်ရစေရန် ထောက်ပံ့ပေးနေပါသလို။ ယွင်ရှီး အနှီမျက်နက်ဝန်းတို့ထံက အကြည့်လွှဲလိုက်ရင်း နှုတ်မှခပ်တိုးတိုး ခေါ်လိုက်မိသည်။

"သခင်ချန်"

"အဟက်.. ယွင်ရိရှန်းကတော့ ခက်နေပါပြီ။
ကိုယ့်ကို ဥက္ကဋ္ဌချန်လို့ ခေါ်ရတာ အားမရလို့
အခုတော့ အိမ်ကလူတွေခေါ်သလို လိုက်ခေါ်နေပြီပေါ့လေ။ လာ.."

ယွင်ရှီးက စနောက်လို၍သာခေါ်လိုက်သော်လည်း သူက အတည်မှတ်ယူသွားပုံရကာ သဘောတကျရယ်ရင်း စောဒကတက်လာသည်။ ထို့နောက် ယွင်ရှီးကို ပခုံးကနေခပ်ဖွဖွဆွဲခေါ်လာပြီး ဆိုဖာပေါ်တွင် ထိုင်စေ၏။ သူကတော့ ယွင်ရှီး၏ညာဖက်မျက်စောင်းထိုးရှိ ထိုင်ခုံတွင် ဝင်ထိုင်လာပြီး ယွင်ရှီးကို စေ့စေ့ကြည့်လာသည်။

"အရင်ဆုံး ယွင်ရိရှန်းကို ကိုယ့်အိမ်က သိထားဖို့လိုတဲ့လူတွေနဲ့ မိတ်ဆက်ပေးမယ်။ ဒါက အန်တီလင်း၊ အိမ်တော်ထဲမှာ တစ်ခုခုလိုအပ်ရင် သူ့ဆီ တိုက်ရိုက်သွား​ပြောလိုက်လို့ရတယ်.."

သခင်ဖြစ်သူက တရားဝင် မိတ်ဆက်ပေးလာသည့်အခါ ဆိုဖာထိပ်တွင် ရပ်နေသည့် အမျိုးသမီးဖြစ်သူက တရိုတသေဦးညွတ်လိုက်ကာ နှစ်လိုဖွယ် ပြုံးပြလာပြန်သည်။ ယွင်ရှီးလည်း အသာပြုံးပြရင်း ခေါင်းညိတ်လိုက်ရ၏။

"ဖန်းချီကိုတော့ မင်း သိပြီးသားဖြစ်မှာပါ။ သူက ကိုယ့်အရေးကိစ္စတချို့ကို ဆောင်ရွက်ရတဲ့အပြင် အိမ်တော်မှာရှိတဲ့ အမျိုးသားအမှုထမ်းတွေကို အုပ်ချုပ်တယ်.."

"ရှောင်ချီ"

"လော်ရိရှန်း.."

ယွင်ရှီးက တစ်ရင်းတနှီး ခေါ်ဆိုလိုက်သည့်အခါ ချန်ဖေးယွီ၏ အနောက်ဖက်တွင်ရပ်နေသည့် ဖန်းချီက ပြန်လည်နှုတ်ဆက်ရင်း ပါးချိုင့်ကလေးတွေခွက်ဝင်သည်အထိ ပြုံးပြကာ အရိုအသေပေးလာ၏။

"မင်းတို့.."

မိတ်ဆက်ပေးလာသူက ဘာတွေအလိုမကျဖြစ်သည်မသိ။ မျက်မှောင်တွေ တစ်ချက်ကျုံ့ပစ်လိုက်ရင်း သူ့နောက်က ဖန်းချီကိုတစ်လှည့် ယွင်ရှီးကိုတစ်လှည့်ကြည့်ကာ တစ်ခုခုပြောဖို့ပြင်လိုက်၏။ ပြီးမှ ထိန်းချုပ်လိုက်ပုံရပြီး ကျန်နေသည့် လူတစ်ဦးနှင့် မိတ်ဆက်ပေးလာသည်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now