အခန်း (၂၅) ကြင်သူ့အလိုကျ

207 33 16
                                    

[Unicode]

ညဥ့်ယံအချိန် ရုံခန်း၏ တိတ်ဆိတ်နေမှုကို ဖုန်းမြည်သံသဲ့သဲ့က ဖျက်စီးပစ်လိုက်၏။ အက်ဒင်ဘရာမြို့တော်ဆေးရုံ၏ ရုံးခန်းဆိုဖာပေါ်တွင် အိပ်ပျော်စပြုနေသည့် ယွင်ရှီးမှာ ဖုန်းသံကြောင့် မျက်ဝန်းတွေ ဆတ်ခနဲပွင့်သွားရ၏။

ယနေ့က ယွင်ရှီး ညဂျူတီကျသည့်အလှည့်ပင်။
အရေးပေါ်ဌာနက on call ဖြစ်နိုင်သည်မို့ နေရာက ချက်ချင်းထလိုက်ကာ ဖုန်းခေါ်ဆိုမှုကို ဖြေကြားဖို့ပြင်မိသည်။

"ဟုတ်ကဲ့ လော်ယွင်ရှီးပြောနေပါတယ်"

*ကိုယ်ပါ..*

လေလှိုင်းတစ်ဖက်မှ ကြားလိုက်ရသည့်အသံကြောင့် အိပ်မှုံစုံမွှားဖြစ်နေသည့် စိတ်အစဥ်က ချက်ချင်းနိုးကြားသွားရ၏။

ချန်ဖေးယွီ..
သူက ဒီအချိန်ကြီး ဘာကိစ္စကြောင့် ဖုန်းဆက်ပါလိမ့်။

ထိုအတွေးနှင့်အတူ လက်ပတ်နာရီကို ငုံ့ကြည့်မိတော့ ည ရှစ်နာရီခွဲလုလု။ စကော့တ်လန်နှင့် တရုတ်ပြည်၏ ခုနစ်နာရီတိတိ အချိန်ကွာဟမှုအရဆိုလျှင် ယခုအချိန် တန်းတုန်းမှာ မနက်သုံးနာရီခွဲခန့် အချိန်ဖြစ်လိမ့်မည်။

ယွင်ရှီးနဲ့ပြေလည်မှုရပြီးကတည်းက ချန်ဖေးယွီကို နေ့စဥ်နေ့တိုင်း မမြင်ချင်မှအဆုံး နေရာတကာ တွေ့နေရပေမယ့် လွန်ခဲ့သည့်သုံးရက်ကစလို့ လေလိုပဲ အစရှာမရအောင် ပျောက်သွားပြန်သည့်အနှီသူ။ ယခုကျတော့လည်း အချိန်မတော်အချိန်တော် ဖုန်းခေါ်လာပြန်သည်။

*နားထောင်နေရဲ့လား*

ယွင်ရှီးဘက်က တိတ်ဆိတ်နေ၍ထင်သည်။ သူက နောက်တစ်ကြိမ် အသံပြုလာ၏။ အက်ရှသည့်အသံ၏ တိုးဖွနေမှုက သူ၏ ပင်ပန်းနွမ်းနယ်မှုတို့ကို လှစ်ဟပြနေသယောင်။

"ဒီအချိန်အထိ အိပ်မပျော်သေးဘူးလား"

မေးလိုက်မိသည့် မေးခွန်းနောက် တုံ့ပြန်မှုရှိမလာဘဲ တိတ်ဆိတ်မှုသာ ကြီးစိုးသွားပြန်သည်။ ခေတ္တအကြာမှသာ သူက "အင်း" တစ်ခွန်းနှင့် အဖြေပေးသည်။ ထို့နောက် သူတို့နှစ်ဦးကြား ပြောစရာစကား ကင်းမဲ့သွားပြန်၏။

Yī Shēng Yī Mèng [一生一梦]Hikayelerin yaşadığı yer. Şimdi keşfedin