အခန်း (၁၇) သိမ်မွေ့စွာယူငင်သော

231 33 24
                                    

[Unicode]

အရပ်ရှစ်မျက်နှာ၌ အမှောင်ထုသာကြီးစိုး၏။ ကောင်းကင်ယံမှ မိုးစက်မိုးပေါက်တို့ အညှာအတာမဲ့ကျဆင်းနေသည်။ ဖွင့်ချထားသည့် မှန်နံရံတံခါးချပ်တို့ကြောင့် ဝရံတာတစ်ခုလုံးစိုရွှဲနေရုံသာမက အိပ်ခန်းအတွင်းဘက်အထိ ရေစက်ရေမွှားတို့ လွင့်စင်လာကြသည်။

အေးခဲစိုစွတ်သည့် အထိအတွေ့အချို့က တစ်ချက်တစ်ချက် ပါးပြင်နှင့် ဆံစတို့ကို လာရောက်ထိခတ်ကာ ကျီစယ်ကြ၏။ သို့သော် သူ ထိုင်ရာက မထမိ။ အနားတွင်ရှိသည့် ဖန်သားစားပွဲငယ်ပေါ်က ဝိုင်ခွက်ဆီသာ လက်လှမ်းမိပြန်သည်။လက်ကျန်ဝိုင်ကို မော့သောက်လိုက်သည့်နောက် ချိုမြကာပြင်းရှပူလောင်သည့် အရသာတို့ လည်ချောင်းတစ်လျှောက် ဖြတ်သန်းစီးဆင်းသွား၏။

ခွက်အလွတ်ကို စားပွဲပေါ်ပြန်တင်လိုက်မိရင်း သက်ပြင်းတစ်ချက် လေးလေးပင်ပင်မှုတ်ထုတ်မိပြန်သည်။ အယ်လ်ကိုဟော၏သက်ရောက်မှုကြောင့် မျက်ခွံတွေ မဖွင့်နိုင်တော့သည်အထိ လေးလံနေသော်လည်း စိတ်အစဥ်ကတော့ ရှင်းလင်းပြတ်သားနေ၏။ ခန္ဓာကိုယ်အခြေအနေက မဖြစ်မနေ အိပ်စက်ဖို့ လိုအပ်နေပြီမို့သာ နောက်ဆုံးတော့ သူ ဝိုင်ရဲ့အကူအညီကို ယူခဲ့ရသည်။ ဒါက ဒီနေ့အတွက်တော့ သတ်မှတ်ထားတဲ့ အတိုင်းအတာ လုံလောက်ပြီ။

အချိန်ကာလကား အောက်တိုဘာလ နှောင်းပိုင်းကို ချဥ်းနင်းဝင်ရောက်လာပြီဖြစ်သည်။ ဒီတစ်မိုးပြီးရင်တော့ မကြာခင် ဆောင်းဦးရာသီကို ရောက်ရှိလာတော့မည်။

ဖေးယွီရဲ့ အိပ်မက်ကလေးက သူ့ကိုစွန့်ခွာသွားခဲ့ခြင်းဟာလည်း သုံးလဆိုတဲ့အချိန်ကို လွန်မြောက်သွားခဲ့လေပြီ။

***************************************

အလုပ်ကိစ္စနှင့် ဟောင်ကောင်သို့ ခရီးထွက်သွားပြီးနောက် ငါးရက်ကြာသည့်အခါ ဖေးယွီ အိမ်တော်ကို ပြန်ရောက်လာခဲ့သည်။

ပင်မဧည့်ခန်းကျယ်ထဲကို ဝင်ဝင်ချင်းမှာပဲ မူမမှန်သည့် လေထုအငွေ့အသက်ကြောင့် မျက်မှောင်ကြုပ်ပစ်မိလိုက်၏။ ဧည့်ခန်းတွင် အိမ်တော်ထိန်းဖြစ်သူ အန်တီလင်းက နေရာမှာရပ်နေသော်လည်း အရင်အခေါက်တွေလို ပြန်ရောက်လာတိုင်း တွေ့နေကျဖြစ်သည့် ပုံရိပ်ငယ်က ဆိုဖာပေါ်မှာရှိမနေခဲ့။

Yī Shēng Yī Mèng [一生一梦]Donde viven las historias. Descúbrelo ahora