အခန်း (၁၅) အမှတ်မထင်

168 32 8
                                    

[Unicode]

အရပ်ရှစ်မျက်နှာတစ်ခွင်လုံးက အေးစက်မှုန်မှိုင်းကာ ခြောက်ခြားဖွယ်အတိ။

မြေပြင်တစ်ခုလုံး ငွေနှင်းမှုန်တို့ဖြင့် ဖွေးဖွေးလှုပ်ဖုံးလွှမ်းနေ၏။

စိုစွတ်ကာအေးစက်သည့်လေထု။

သူရောက်နေသည့်နေရာကို အလွန်အမင်း ရင်းနှီးနေသလိုပင်။ ဘေးဘီဝဲယာကို အကဲခတ်မိ၏။ မြေပြင်ပေါ်တွင် ကျောက်သားကမ္ပည်းတိုင်တို့ကား အစီအရီတည်ရှိနေကြ၏။ တချို့သော ကျောက်ပြားတို့ထက်တွင် လက်ဝါးကပ်တိုင်သဏ္ဍာန် အမှတ်အသားတို့ရှိသည်။

မှတ်မိပြီ။
ဒါက သူတို့ကျောင်းနားမှာရှိတဲ့ သင်္ချိုင်းတစ်ခုပင်။

ရုတ်တရက် ပတ်ဝန်းကျင်ကမြင်ကွင်းတွေ ပြောင်းလဲသွားပြန်သည်။ လောလောလတ်လတ် ပြီးစီးထားပုံရသည့် အုတ်ဂူကမ္ပည်းရှေ့တွင် အပုံလိုက်ရှိနေသည့် နှင်းဆီပန်းများ။ စျာပနလိုက်ပို့ကြသူများကြားတွင် သူကိုယ်တိုင်ကိုလည်း မြင်လိုက်ရသလိုရှိသည်။

စုဝေးနေကြသည့် လူအုပ်ကိုကျော်ဖြတ်ကာ အုတ်ဂူထက်ကအမည်ကိုကြည့်ဖို့ ကြိုးစားမိသည်။ မရ။

တစ်စတစ်စနှင့် သူက လူတွေနှင့်ဝေးရာကို ရောက်သွားရပြန်သည်။ ထို့နောက် လူတွေကင်းစင်သွားသည့်အခါ အုတ်ဂူရှေ့တွင်ကျန်ခဲ့သည်က ထီးတည်းသော ကျောပြင်တစ်ခုတည်း။

အနက်ရောင်ထီးကိုကိုင်ဆွဲကာ တစ်ကိုယ်လုံး နက်စွေးနေပါသည့် ကျောပြင်ကျယ်မှာ အထီးကျန်ကာ ဝမ်းနည်းဖွယ်အငွေ့အသက်တို့ ထုတ်လွှတ်နေ၏။ သူ ငေးကြည့်နေတုန်း ရုတ်ချည်းဆိုသလိုပင် ကောင်းကင်မှ မိုးစက်မိုးပေါက်တို့ တဝေါဝေါ ကျဆင်းလာသည်။

အတွင်းစိတ်၌ တွေးမိသည့်အတွေးမှ ဤနေရာမှ ထွက်သွားရန်ဖြစ်သည်။ သို့သော် ခြေလှမ်းတို့ကို နေရာမှ ရွေ့လျား၍မရ။ ထို့အတူ သူ့အကြည့်တွေကိုလည်း ခပ်လှမ်းလှမ်းရှိကျောပြင်ကျယ်ထံမှ မဖယ်ခွာနိုင်ခဲ့။

ပြင်းထန်လာသည့်မိုးစက်တို့နောက်တွင် အနက်ရောင်ကျောပြင်ကျယ်ကို အဖော်ပြုပေးနေသည့် ထီးကလေးမှာ မြေပြင်ပေါ်သို့ လွင်ကျသွား၏။ အနှီပုံရိပ်သည်လည်း နေရာ၌ပင် ဒူးထောက်ကျသွားလေသည်။

Yī Shēng Yī Mèng [一生一梦]Donde viven las historias. Descúbrelo ahora