2022 ခုနှစ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
လျောင်နင်စီရင်စု၊ ရှန်းယန်မြို့။BX Hotel ၏ penthouse တွင်ဖြစ်၏။
အပြာရင့်ရောင် ကြွေသားကြမ်းပြင်နှင့် ပိုးသားညအိပ်ဝတ်စုံတို့ပွတ်တိုက်သံ တိုးညင်းညင်းမှတစ်ပါး အရာအားလုံးတိတ်ဆိတ်လျက်။ ခြောက်ပေသုံးလက်မခန့်ရှိသည့် အရပ်အမောင်းနှင့် ကြံ့ခိုင်သည့်ကိုယ်ခန္ဓာ၏ ရွေ့လျားနေသော ပုံရိပ်က အခန်းနံရံမှန်တံခါးတို့တွင် ထင်ဟပ်သည်။
အခန်းအလယ်ရှိ အဖြူရောင်ကြွေသားစားပွဲပေါ်က ဝိုင်ခွက်ငယ်လေး မြောက်တက်သွားသည့်အခါ ရဲစွေးနေသည့် ဝိုင်နီအချို့ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျသွားသည်။ သို့သော် ပြုမူသူအရှင်သခင်က ဂရုမထားစွာ တစ်ချက် စောင်းငဲ့ကြည့်ရုံသာ။
နက်ပြာရောင် ဖဲသားမွေ့ရာပေါ်၌ အပေါ်ပိုင်းတစ်ဝက်မှီကာဝင်ထိုင်သည့် အမျိုးသားငယ်က လက်ထဲမှ ဝိုင်ခွက်ကို ပျင်းရိစွာ လေးတွဲ့တွဲ့ငေးသည်။ ခါးစည်းကြိုးဖြည်ထားသည့် အနက်စွေးစွေး ပိုးသားဝတ်ရုံအောက်တွင်ကား ပျားရည်ရောင်သမ်းကာ အချိုးအဆစ်မျှတလှသည့် အဖုအထစ်ခြောက်ခုနှင့်အတူ သွယ်လျကျစ်လျစ်သည့်ခါးမှာ တောင့်တင်းသန်မာ၏။
ခန့်ညားကြော့ရှင်းသည့် ကိုယ်ဟန်နှင့် လိုက်ဖက်လှစွာပင် အနှီသူ၏ မျက်နှာကျကား ချောမောတင့်တယ်ခြင်းတို့ဖြင့် ပေါင်းစုထုဆစ်ထားသည့်နှယ်။ ထူထဲသည့် မျက်ခုံးတန်းများ၊ မျက်ဝန်းအစုံက နက်ရှိုင်းကာစူးရှသည်။ ခပ်မြင့်မြင့်နှာတံက အဖျားတွင်ပြေလျော့ကာ လုံးဝန်းသွား၏။ ပိရိသေသပ်သည့် နှုတ်ခမ်းလွှာတို့ ခပ်တင်းတင်းစေ့ထားပုံကပင် အနှီသူ၏ တည်ကြည်သည့်အရှိန်အဝါကို အားဖြည့်နေသည့်နှယ်။
မျက်တောင်စိပ်စိပ်တို့ မှေးယှက်ထားလျက်၊
ဝိုင်ခွက်နှုတ်ခမ်းကို အသာအယာထိန်းကိုင်ထားသည့် လက်ချောင်းတို့က သွယ်လျကာရှည်လျား၏။ လက်သူကြွယ်၌ ဝတ်ဆင်ထားသည့်လက်စွပ်မှ တစ်ပွင့်တည်းသောစိန်၏ အလင်းရောင်က လက်ခနဲတောက်ပသွားသည်။တိတ်ဆိတ်နေသည့် လေထုကို ရုတ်တရက်ဝင်ရောက်လာသည့် ဖုန်းအဝင်ကောလ်တစ်ခု၏ မြည်သံက ဖျက်ဆီးပစ်လိုက်သည်။

ESTÁS LEYENDO
Yī Shēng Yī Mèng [一生一梦]
FanficThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...