အခန်း (၆) သခင်ချန်

213 33 6
                                    

မနက်ဖြန် အားမအား မသေချာလို့ ဒီနေ့ပဲ
အပိုင်းသစ် တင်ပေးလိုက်ပါတယ်။


[Unicode]

အချိန်ကာလကား နွေဥတုဖြစ်သော်လည်း တရုတ်ပြည်မြောက်ပိုင်း၏ ရာသီဥတုမှာ အအေးဓာတ်အနည်းငယ် ကျန်ရှိနေဆဲပင်။ ရှန်းယန်မှ ထွက်လာခဲ့သည်မှာ သုံးနာရီခန့် ကြာမြင့်ခဲ့သည့်နောက် တန်းတုန်းမြို့အဝင်သို့ ရောက်ခဲ့ပြီဖြစ်၏။ အစောပိုင်းက ယွင်ရှီး ခေတ္တမျှ အိပ်ပျော်သွားမိသော်ငြား မြို့အဝင်ရောက်သည့်အခါ နိုးလာရသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းတို့ကို တမေ့တမော ငေးကြည့်နေမိတော့သည်။

တရုတ်ပြည်၏ အကြီးဆုံးနယ်စပ်မြို့သည်ကား အံ့ဖွယ်ပါပင်။ သူတို့လာခဲ့သည့်လမ်းတစ်လျှောက် အပန်းဖြေစခန်းအချို့အပြင် ဘုရားကျောင်းကြီးများကိုလည်း တွေ့ရ၏။ တရုတ်ပြည်နှင့် မြောက်ကိုရီးယားတို့၏ သဘာဝနယ်နိမိတ်အဖြစ် တည်ရှိနေသည့် ယာလုမြစ်ကမ်းတစ်လျှောက် ဖြတ်လာရသည့်အခါ မြစ်ပြင်ထဲသို့ထိုးထွက်နေသည့် မြစ်ကူးတံတားပျက်ကြီးကို အံ့သြဖွယ် တွေ့နိုင်သည်။

အနှီယာလုမြစ်ကူးတံတားကြီးကို 1911ခုနှစ်တွင် ဂျပန်တို့တည်ဆောက်ခဲ့ကြသည်။ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်တို့ ဗုံးကြဲမှုကြောင့် မြောက်ကိုရီးယားဘက်ခြမ်းရှိ တံတားကြီးမှာ ကျိုးပျက်သွားခဲ့ရပြီး ယခုအခါ ကျန်ရှိသည့်အပိုင်းကို ပြန်လည်ပြင်ဆင်ခြင်းမပြုတော့ဘဲ ခရီးသွားများကိုဆွဲဆောင်သည့် နေရာတစ်ခုအဖြစ် ထားရှိလိုက်တော့သည်ဟု ယွင်ရှီး စာထဲတွင်ဖတ်ဖူးခဲ့သည်။ ယွင်ရှီးကိုယ်တိုင် မြင်ဖူးသည့်အခါတွင်မူ မှင်သက်စွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။

ငွေရောင် Mercedes Benz လေးမှာ တန်းတုန်းမြို့၏လမ်းမကြီးများပေါ်၌ လျင်လျင်မြန်မြန် ​ပြေးလွှားနေသည်။ တဖြည်းဖြည်းနှင့် မြို့ထဲမှထွက်လာခဲ့ကာ မြို့မြောက်ပိုင်းရှိ ထင်းရှူးတောကြီးများရှိရာသို့ ရောက်လာခဲ့သည်။ စောစောကနှင့် မတူတော့သည့် ပတ်ဝန်းကျင်မှာ မြို့ပြ၏စူးရှကာသွက်လက်သည့်လေထုမဟုတ်တော့ဘဲ သစ်ပင်သစ်ရိပ်များပေါများလာ၏။ ကြီးမားကာအုပ်ဆိုင်းနေသည့် ထင်းရှူးတောကြီးများမှာ အေးမြ၍ ခပ်မှိုင်းမှိုင်းအငွေ့အသက်နှင့်အတူ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်လေသည်။

Yī Shēng Yī Mèng [一生一梦]Donde viven las historias. Descúbrelo ahora