အခန်း (၉) သိုဝှက်ထားသည့် တစ်ဖက်ခြမ်း

167 32 7
                                    

[Unicode]

ပန်းဆီရောင် ကောင်းကင်၌ မီးခိုးရောင်တိမ်စိုင်တိမ်လိပ်တို့က ဟိုတစ်စသည်တစ်စေ။
ဆေးရုံ၏ မှန်နံရံတို့မှတစ်ဆင့် လှမ်းမြင်နေရသည့် နေဝင်ချိန်မှာ လှပလွန်းသည်။ နွေဦး၏ ပန်းမာလာတို့ဖူးပွင့်နေသည့် ဆေးရုံပန်းခြံထဲ၌ ညနေခင်း လမ်းလျှောက်ထွက်နေသည့် လူနာတို့ကို ဂရုစိုက်ပေးနေသော လူနာရှင်များရှိသည်။ ထို့အတူ ခေတ္တခဏ အနားယူနေကြသည့် ဆရာဝန်တို့သည်လည်း သူ့အစုနှင့်သူ။

"မပြန်သေးဘူးလား"

မျက်စိရှေ့က မြင်ကွင်းကို ငေးကြည့်မိနေစဥ် နံဘေးမှ ထွက်ပေါ်လာသည့် အမေးစကားသံကြောင့် သူ လှည့်ကြည့်မိတော့ အနားမှာ လာရပ်သူက ချောင်ကျီ။

"အင်း ခဏနေပြန်တော့မှာ"

ထိုသူ၏ အမေးစကကိုပြန်ဖြေရင်း နာရီငုံ့ကြည့်မိသည့်အခါ အချိန်က ညနေ ငါးနာရီ ကျော်လွန်ခဲ့ပြီဖြစ်သည်။ သူလည်း ဂျူတီပြီးလို့ အိမ်ပြန်ချိန်ရောက်ပြီမို့ အပြင်ထွက်လာရင်း ဒီနေရာမှာ ခဏရပ်နေမိတာပင်။

"ချန်ဖေးယွီနဲ့ ဘယ်လိုလဲ"

ခါတိုင်းထက်ပိုကာ တိတ်ဆိတ်နေသည့်သူ့ကြောင့် ဒါရိုက်တာချောင်က အကဲခတ်သလိုကြည့်ရင်း မေးလာပြန်သည်။ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိသည်မို့ ပြုံးမိသွားရသေး၏။ သို့သော် ရင်ဘတ်ထဲမှ ခံစားချက်သည်ကား ဗလာ။

"ကောင်းပါတယ်"

ဝတ်ကြေတမ်းကြေ ပြန်ဖြေလိုက်မိပြီးမှ တစ်ဖက်လူကို နှုတ်ဆက်လိုက်ပြီး နေရာက ထွက်လာခဲ့တော့သည်။ သူ မြေအောက်ကားပါကင်သို့ ရောက်တော့ အကြိုလွှတ်ထားသည့်ကားက အသင့်စောင့်နေလျက်။

အနက်ရောင်ကားလေးက ရှန်းယန်၏ လမ်းမကြီးများထက် တရွေ့ရွေ့ ပြေးလွှားနေသည့်အချိန် ယွင်ရှီး ကားထိုင်ခုံကိုမှီကာ မျက်ဝန်းတွေမှေးယှက်လိုက်တော့သည်။ သုံးနာရီကြာ မောင်းရမယ့် ခရီးမှာ တစ်မှေးလောက်တော့ အိပ်စက်နိုင်ကောင်းပါသည်။

ချန်ဖေးယွီ..
အဲဒီကလေးက ပြီးခဲ့သည့် စနေနေ့မနက်က ဟောင်ကောင်ကို ထွက်သွားတာဖြစ်သည်။ သူ့စကားအရ သုံးလေးရက်ကြာမည်ဆိုသော ခရီးမှာ မနက်ဖြန်ပင် စနေနေ့သို့ နောက်တစ်ကြိမ် ရောက်လာချေတော့မည်။ သူကတော့ ပြန်ရောက်မလာသေး။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now