အခန်း (၁၀) နတ်ဆိုး

168 28 12
                                    

[Unicode]

Los Angeles, California.

လေယာဥ်မယ်လေး၏ မကြာမီအချိန်အတွင်း လေဆိပ်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ကြေညာချက်ကြောင့် သူ့မျက်ဝန်းတွေ ပွင့်ဟလာရ၏။ အချိန်မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။ ခေါင်းပင် အနည်းငယ် မူးနောက်နောက် ဖြစ်ချင်နေသည်။

"နိုးပြီလား"

သြရှကာကြည်လင်သည့် အမေးစကားသံကြောင့် သူ့အကြည့်တွေက ရှေ့ကလူဆီရောက်သွားရသည်။

မီးခိုးရောင်မှိုင်းမှိုင်း suit ကိုဝတ်ဆင်ထားကာ ခြေကိုချိတ်လျက်ထိုင်နေသူက သတင်းစာကို လက်ထဲ၌ကိုင်ထားသည်။ ယွင်ရှီးက သူ့ကိုကြည့်နေတာမြင်တော့ သူက စားပွဲပေါ်ရှိ ရေဖန်ခွက်ကို ယွင်ရှီးဘက် တိုးပေးလာသည်။

"ကျေးဇူးပါ"

အသိအမှတ်ပြုသလို မေးဆတ်ပြတဲ့လူက သတင်းစာထဲကို အာရုံပြန်ရောက်သွားပြန်သည်။
သူတို့နှင့် အတူပါလာသည့် ချန်ရွှီကတော့ တစ်ဖက်လူ၏ နောက်ကျောဘက်တွင်ရှိနေပြီး ipad ကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ ကိုယ်စီ အလုပ်များနေကြသူတို့ကြောင့် ယွင်ရှီးလည်း တိတ်ဆိတ်နေလိုက်တော့၏။

ပြီးခဲ့တဲ့လထဲမှာ U.S ရုံးချုပ်က တာဝန်ရှိသူတွေ နောက်ထပ် ရောက်လာကြပြီးတဲ့နောက် ဥက္ကဋ္ဌချန်က တောက်လျှောက်အလုပ်ရှုပ်နေခဲ့တာပင်။ သူက လွန်ခဲ့တဲ့ တစ်ပတ်ကမှ U.S ကို သွားရမည့်အကြောင်း ယွင်ရှီးအား ပြောပြလာသည်။ တစ်ပတ်ဆယ်ရက်နှင့် ပြီးမည့်ခရီးစဥ် မဟုတ်တာမို့ ယွင်ရှီးကိုပါ သူနဲ့ အတူခေါ်သွားဖို့ စီစဥ်ထားသူကြောင့် အခုလိုမျိုး ယွင်ရှီးက သူနဲ့အတူပါလာရခြင်းဖြစ်သည်။

VIP seats ဖြစ်သည်မို့ လေယာဥ်အတွင်းပိုင်းက facilities အပြည့်အစုံနှင့် တန်ဖိုးကြီးပုံပေါ်၏။ မလိုရာကို ပုံကြီးချဲ့လွန်းသည်ဟု တွေးမိသေးသော်ငြား သူ့ရှေ့ကလူကို ကြည့်မိသည့်အခါတွင်တော့ ဒီလူက ဒီလိုအပြင်အဆင်နှင့် အမှန်ပင် လိုက်ဖက်ကြောင်း စိတ်ထဲမှ ဝန်ခံလိုက်တော့သည်။ ကြီးမြတ်လှသည့် သခင်ချန်၏ အရှိန်အဝါမှာ နတ်ဘုရားတစ်ပါးအလားပင်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now