.
.
အဆက်မပြတ် မြည်နေသော ဖုန်းကို မကိုင်ချင်....ကျောင်းက ထွက်လာပြီး ဘယ်သွားရမှန်းမသိဖြစ်နေကာ လမ်းပေါ်ထွက်လိုက်တော့ သုံးဘီးတစ်စီးလာရပ်တာနဲ့ ဈေးဘက် လိုက်လာခဲ့လိုက်သည်...ဈေးကြီးထိ မလိုက်ပဲ မြို့တော်ခန်းမဘေးကပ်ရက်က ဘုရားကြီးထဲ ဝင်ထိုင်နေလိုက်သည်.... တစ်ယောက်တည်း တစ်ခါမှ ခုလို အပြင်မထွက်ဖူးပါ..ဘယ်သွားသွား ဘေးမှာ အဖော်တစ်ယောက်ယောက်က ပါမြဲ...သူငယ်ချင်းမပါရင် အိမ်မှာ မနေရပဲ အမြဲ အလုပ်ရှုပ်နေတတ်တဲ့ အကို့ကို ဖြစ်ဖြစ် မေမေ့ကိုဖြစ်ဖြစ် ရအောင် ခေါ်လာတတ်မြဲ...ခုတော့ဖြင့် တစ်ယောက်တည်း ငေါင်စင်းစင်းနဲ့ ထိုင်နေတာကြာလှပြီ...အိုက်ထွေးဆီက ဖုန်း ကျန်တဲ့ လူတွေဆီက ဖုန်း အဆက်မပြတ်ဝင်လာသည်...ကိုင်လဲမကိုင်ချင်....
တကယ်က သူမ ရှက်သွားတာပါ...
သူမ အသံကို တစ်ခြားကျောင်းသားကျောင်းသူတွေပဲ ကြားတာက အကြောင်းမဟုတ်ဘူး..ခုဟာက မေဂျာပေါင်းစုံက ဆရာ.ဆရာမတွေကော ပါမောက္ခချုပ် ကြီးကော ရှိနေတာ...ဆရာတွေရဲ့နောက်တစ်တန်းကျော်လေးမှာ သူမတို့ ထိုင်ခဲ့ကြတာကိုး...သေချာ ပီပီပြင်ပြင် ကြားနေမှာတော့ မလွဲ...
အဲ့ဒါထက် အိုက်ထွေးရဲ့ ဘေးမှာ ရပ်နေတဲ့ ဓနုရိုးရာ ဝတ်စုံအနီလေးနဲ့ မှုံနေအောင် လှပါတဲ့ မှုံချယ်ရီဦး အကြည့်က သူမထံ တန်းမတ်စွာ ဝင်လာတာမို့ ပြေးထွက်လာခဲ့တာပင်......
လိုင်းလဲ မဖွင့်ချင်...ပျင်းနေတာကို လိုင်းသုံးလျှင်လဲ သူတို့က လိုင်းပေါ်ကနေ ပြောမှာအမှန်.....စိတ်ရှုပ်စွာ ပင် ဖုန်းကို silent လုပ်လိုက်သည်..ပြီးတော့ ဘုရားကြီး နောက်က ဈေးဆိုင်တန်းလေးဆီ လျှောက်လာခဲ့သည်.. ဒေါ်ကြည်ဆိုတဲ့ ဆိုင်လေးမှာ အကင်သုတ် အစုံ တစ်ပွဲမှာလိုက်သည်...ဘေးနားက ဆိုင်မှာလဲ သင်္ဘောသီးထောင်းနဲ့ အအေးတစ်ခွက်မှာလိုက်သည်...
သူမက အဲ့လို...ပျင်းရင် စားနေရမှ
စိတ်ရှုပ်ရင်စား ...ပျော်ရင်စား...ငိုလဲစား...ဘာပဲဖြစ်နေနေ စားနေလိုက်ရင် တလောကလုံးကိုမေ့သည်....အစားသာ ပထမ ..အစားသာ ဘဝ
ခုလဲ လာချသမျှကို တစ်ယောက်တည်း လာထိုင်စားနေလိုက်တာ ပျင်းလို့ပျင်းမှန်း သတိမထားမိသလို စိတ်ရှုပ်တာတွေလဲ ဘယ်ဆီ ပျောက်ပြယ်ကုန်သည်မသိ...မျက်စိထဲ မြင်နေသည်က အကင်သုပ်...သင်္ဘောသီးထောင်း..အအေးခွက်...
လွယ်အိတ်ထဲက ဖုန်း လာနေသော်လဲ အသံမမြည်တော့ လာလို့လာနေမှန်းပင်မသိ....
စားပြီးတာနဲ့ ဘယ်သွားရမှန်းမသိတော့...ဆိုင်က လူများပါတယ်ဆို ဆက်ပြီးလဲ ထိုင်မနေချင်...အိမ်သို့သာ ပြန်ချင်သည်...ပုံမှန်ဆို သူမ ဆိုင်ကယ်ပါနေကျ..ဒီနေ့မှ အိုက်ထွေးလျှာရှည်ချက်ကြောင့် ခြေကျင်ပြန်မြန်းရကိန်းဆိုက်နေသည်...
လွယ်အိတ်ထဲက ဖုန်းကို ထုတ်ပြီး နံပါတ်အချို့နှိပ်လိုက်သည်...
"ဟလိုခ..ကိုကို နောင့် ဘုရားကြီးလမ်းကြားမှာ လာကြိုပေး"
"ဟေ...ဘာလုပ်နေတာလဲ အိုက်ထွေးကော."
"သူက ကျောင်းမှာ ကျန်ခဲ့ရသေးတယ်"
"နောင့်ကော "
"နောင့်တစ်ယောက်တည်း ဗိုက်ဆာလို့ လာစားနေတာ လာခေါ်မှာလား မခေါ်ဘူးလား မလာရင် ဈေးထဲပတ်ပြီး မွှေမှာနော်"
"ဟဲ့ မလုပ်နဲ့ မယ်မင်းကြီးမရယ် လာကြိုဆို ကြိုပါ့မယ် ခဏလေးပဲ စောင့်ပါဗျ ဒီမှာ ငွေရှင်းပေးနေရသေးလို့"
"အင်း မြန်မြန် "
"Ok, see u"
ဖုန်းချလိုက်သည်..နော်ဟန်ဝင်းဆိုတဲ့ စီးပွားရေးအဝေးသင်နဲ့ ကျောင်းပြီးထားတဲ့ အကိုတစ်ယောက်လေးသာ ရှိသည်..အသက်ကလဲ သိပ်မကွာ နှစ်နှစ်လောက်ပဲကွာတာလေးကို ဆိုးကိုဆိုးရမှ...အိမ်မှာ ဖေဖေကလဲ အမြဲမရှိ အမေကလဲ ဘာတွေလုပ်သည်မသိ...ကျောင်းသာတက်ပြီး အိမ်ကိစ္စဆို ဘာမှမသိ..
ခုနေများ.နင့်မိဘတွေ ဘာလုပ်သနည်းလို့ မေးရင်
ဖေဖေက ပြောင်းဖူးကုန်သည်...အကိုလဲ ဖေဖေ့ လက်ထောက်...မေမေက ဘာလုပ်တယ်မသိဘူး အိမ်မှာ သိပ်တော့မကပ်ဘူး...သူ့မိတ်ဆွေတွေနဲ့ ကျောက်တွေလား ဘာလား မသိဘူး..အဲ့လိုတော့ ကြားပွဲစားလုပ်တယ်ထင်တာပဲ လို့ ဖြေရမည်သည်....သူမက ကျတော့ တစ်ပတ်အတွင်း ထိုသုံးယောက်ဆီက ဘယ်လို မုန့်ဖိုး လှည့်ပတ်တောင်းရမလဲ...သူငယ်ချင်းတွေကို ဘယ်လိုရစ်ရမလဲ...အိုက်ထွေးနဲ့က ဘယ်လို ဆိုပြီးသာ ခေါင်းထဲ ရှိသည်...နောက်ဆုံးနှစ် ကျောင်းသူ.ဆိုပေမယ့် သူမမှာ ပူပင်စရာမှမရှိပဲ...ပြည့်စုံနေတဲ့ ဘဝကို လွတ်လွတ်လပ်လပ်နဲ့သာ ဖြတ်သန်းချင်သည်လေ...
တွေးနေရင်း လမ်းမကြီးဘက်မှာ ကိုကို ကား မြင်လိုက်တာကြောင့် နောက်ဖက်က လမ်းသွယ်လေးဖက် ထွက်လာလိုက်သည်...ကိုကို လမ်းသွယ်ထဲကနေ လာကြိုမှာဆိုတာ သိနေသောကြောင့်ပင်....
ကားပေါ်တက်ထိုင် ခါးပတ်ပတ်ပြီး ကိုကိုက သူ့ညီမ မျက်နှာကို အကဲခတ်ကာ
"နောင့် အိုက်ထွေးနဲ့ ရန်ဖြစ်တာလား"
"အင်း"
"ဘာလို့လဲ"
"လမ်းမှာ ကားပျက်လို့ နောက်ကျတယ်...မိတ်ကပ်တောင်မလိမ်းလိုက်ရဘူး..ဆိုင်မှာ ပြင်မယ်လုပ်နေတဲ့ဟာကို..သူ့ကြောင့် ဘာမှမလုပ်လိုက်ရဘူး..ခန်းမထဲ ထိုင်စရာနေရာတောင်မရှိ ဆရာတွေကိုတောင် မတ်တပ်ရပ်ပြီးပဲ ကန်တော့လိုက်ရတယ်"
ပိုပိုသာသာ အဲ့လို ချွဲလိုက် တိုင်လိုက်ရမှ..
သို့သော် ကိုယ့်ညီမ အကြောင်း သိ ဖြစ်နေသော နော်ဟန်ဝင်း ဘာမှ လိုက်မပြောပဲ ငြိမ်၍ ကားသာ ဂရုစိုက်မောင်းနေလိုက်သည်...အကယ်၍ သူသာ ညီမ အလိုကျဆိုပြီး လိုက်ပြောနေရင်လဲ အိုက်ထွေးဆိုတဲ့ ကောင်လေး ရစရာ ရှိတော့မည် မဟုတ်...
"ကိုကို သိလား...အိုက်ထွေးလေ ထစ်ခနဲဆို ငိုပြီ....စိတ်ကောက်နေရင်လဲ ရိုးရိုးသားသားမချော့ဘူး ဒူးထောက်ပြီး ချော့တာ "
"အင်း"
အဲ့ဒီ အင်းလေးမှ မထောက်ခံရင်လဲ ဆန္ဒပြဦးမည်လေ...
"ကိုကိုရော..."
"အင်း"
"ဟာ...ဘာ အင်းလဲ"
"နောင့်က ဘာမေးမှန်းမှမသိတာ ကိုကို ရော ဆိုတော့ အင်း လို့ ထောက်ပေးတာလေ...ကိုကို့ရဲ့ အင်းဆိုတာက နောင့်ရဲ့စကားကို ဆက်ပြောလို့ရအောင် ထောက်ပေးတဲ့သဘောလေကွာ"
"အင်းပါ..အင်းပါ. ကိုကို နားမထောင်ချင်ဘူးဆိုတာ သိတယ်....ပီOhm နဲ့များဆိုလေ....သာလိကာ ကျလို့ နားကြားပြင်းကို ကပ်ရော"
"ဟေ့ ဟေ့...ဘာမဆိုင်တဲ့ P.Ohm က ဘယ်လို ပါလာရတာလဲ"
"အဲ့ဒါပြောမလို့လေ ပါမှရမှာပေါ့"
"အင်းပြောပါကွား"
အရစ်ရှည်တော့မည်..အိမ်က ရန်တိုင်းအောင် ဘုရားရဲ့ မြို့ပြင်ဖက်မှာရင်းမို့ တော်ရုံနဲ့မရောက်နိုင်သေး....တစ်လမ်းလုံး အချိန်ရသမျှတော့ အရစ်က ခံရမည်မှာ အမှန်
"ပီOhm နဲ့ ရန်ဖြစ်တဲ့အခါ ကိုကိုလဲ ငိုလား ...ပြီးတော့ သူစိတ်ကောက်ရင်ဒူးထောက်ပြီးတော့ ချော့ဖူးလား"
"ဟေ...ချော့စရာလားကွ ...ပြီးတော့ ပီOhm ဆိုတာက ကလေးမှမဟူတ်တာ စိတ်လဲမကောက်ပါဘူး အင်း..ကောက်ခဲ့ရင်လဲ ကိုကို ဒူးထောက်မှာ.မဟုတ်ဘူး"
"ဟာ..ကိုကိုကလဲ ဒါဆို နောင့်က ကလေးလား ..စိတ်ကောက်နေတယ်ဆိုရင်"
"နောင့်ကငယ်သေးတယ်လေ..လူကြီးမဆန်သေးဘူး...ကိုကို့ မျက်စိထဲ ကလေးပဲရှိသေးတာလေ..ဘယ့်နှယ် ပီ.Ohmလို နာ့စ်က ကိုကို့ကို စိတ်ကောက်နေစရာလား"
"အေးလေ...ဒါလဲ ဟုတ်တာပဲ ကိုကိုတို့လို လူကြီး အတွဲလေးတွေကမှ တော်သေးတယ်"
"နောင့်တို့လို လူငယ်အတွဲကမှ ပိုကောင်းတာဗျား...နောင့်တို့များ Feb 14 ဆို ဆင်တူလေးတွေဝတ် Tit Tok ကစား...ပြီး လိုင်းပေါ်တင် like share comment ပေါင်း သောင်းခြောက်ထောင်နဲ့ လူတကာ အားကျရတဲ့ အတွဲလေးလေ.ပြီးတော့ နောင့်က စိတ်ဆိုးလိုက် အိုက်ထွေးက ချော့လိုက်နဲ့ ဘယ်လောက်ပျော်စရာကောင်းလဲ..ဒါက လူငယ်ဘဝပဲ ရတာနော်..ကိုကိုတို့လို လူကြီးအတွဲတွေ ရိုပြနေကြည့် အမြင်ပဲကပ်နေကြမှာ ပြီး..နောင့်တို့က နှစ်ယောကိလုံးက ချောချောလေး...ဪ...ပြောရဦးမယ်...ကိုကို့သူငယ်ချင်းတစ်ယောက်ကပြောတယ် သူ GTC တက်နေတာလေ..နောင့်တို့ ကျောင်းက Chemistry first year က ကောင်မလေး ဘယ်သူပါလိမ့်"
"မှုံချယ်ရီဦး"
ကိုကို့စကားကို စိတ်ဝင်စားစွာ ထောက်ပေးလိုက်သည်..
"အင်း...အဲ့ မှုံချယ်ရီဦး အရမ်းလှလို့ သူတို့ကျောင်းက မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစိ တမင်ကို လာကြည့်ကြတာတဲ့ အဏမ်ူ စက်စက်ယိုကျအောင် ချောတယ်တဲ့"
"မှန်တယ် အရမ်းချောတာ နောင့်ထက်အဆများစွာသာတယ်"
တကယ်ပြောတာလား..ရွဲ့နေတာလား..ဝေခွဲမရစ်စွာ ကားမောင်းရင်း ကြည့်မိတော့ တကယ့်စိတ်ရင်းနဲ့ပြောနေမှန်း သိသာလှသည်..နောင့်က ကလေးလို ရစ်တတ် ဆိုးတတ်ပေမယ့် စိတ်ကောင်း နှလုံး ဖြူ စင်ရိုးသားသူလေးတစ်ယောက်ပင်...
"အဲ့ဒါပြောတာ ခု နောင့်က မေဂျာပေါင်းစုံ ကွင်း တက်မပြိုင်ဘူးဆို"
"ဟုတ်တယ်လေ"
'ဒါဆို ကင်းက အိုက်ထွေး ကွင်းက မှုံချယ်ရီဦး ရမှာ သေချာသလောက်ပဲ"
"အင်းလေ"
"နောင့်က အိုက်ထွေးပေါ် အရမ်းဆိုးပြနေတော့ အိုက်ထွေး ပြောင်းလဲ သွားမှာ မကြောက်ဘူးလား"
"အိုက်ထွေးက စိတ်များတတ်တဲ့ သူလို့ ကိုကိုသတ်မှတ်ထားတာလား"
ဟော..ဒေါသသံစွက်လာပြီ....
"နောင့်ရဲ့...ကိုကို ပြောပြမယ်....ယောက်ျားတွေရဲ့ အကြောင်းဆိုတာ ယောက်ျားချင်းပဲ သိတယ်..နောင့်က အဲ့လို ဆိုးနေရစ်နေရင် အိုက်ထွေးက ခံနိုင်တုန်းတော့ ခံနေသေးတာပေါ့...လူဆိုတာ သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုအထိပဲ သည်းခံနိုင်ကြတယ်...သူတို့မခံနိုင်တော့တဲ့အခါ ကိုယ့်ဆီကနေ အကြောင်းအမျိုးမျိုးပြပြီး သာယာမှု ဆီကို ပါသွားတတ်တယ်...ကဲ ခုနေလောက်ဆို အိုက်ထွေးတော့ ကောင်မလေးလှလှရဲ့ လက်ကိုတွဲပြီး လျှောက်နေလောက်ပြီ..နောင့်တို့ ရတုန်းက နမ်းခိုင်းတာဆို ...အဲ့ဒါဆို အိုက်ထွေးက ဒီနေ့..."
"ဟာ..ကိုကို တော်တော့...ဘယ်သူကနမ်းခိုင်းလို့လဲ...ဆရာမတွေရှိနေတဲ့ဟာ...ပြီးတော့....ပြီးတော့..နောင့် နဲ့ အိုက်ထွေး ခုထိတစ်ခါမှ မနမ်းဖူးသေးဘူး"
"ဟားဟား"
မျက်နှာလေး ရှက်သွေးရဲတက်သွားကာ ကားရှေ့မှာ တစ်သျှူးသေတ္တာကို ယူကာ အဓိပ္ပါယ်မဲ့ ဆွဲထုတ်နေလေတော့သည်...
"ဟေ့..ဟေ... Tissuse box ထဲက အကုန်ထွက်ကုန်မယ်..ကောင်မလေး..ရှက်ရမ်းရမ်းနေတယ်ကွား"
"ကိုကိုနော်"
ကားမောင်းနေသော ကို့ကို့လက်မောင်းအား တအုန်းအုန်း ထုနေလေတော့သည်..
"ကိုက်ု ကားမောင်းနေတယ်လေကွာ..."
"ထပ်ပြောကြည့်..မရီနဲ့"
.."ဟုတ်ကဲ့ပါဗျား"
....
ကျောင်းထဲ သူမ ဆိုင်ကယ် ဝင်လာတာနဲ့ လူတွေက ကွက်ကြည့် ကွက်ကြည့်နဲ့....ဆိုင်ကယ်ကို သီပေါဆောင်ရှေ့ တည့်တည့်က အရိပ်တွင် ကပ်ရပ်လိုက်သည်...သူမက အရပ်သာ မရှည်တာ စီးတာက CZI ခါးဖောက် တစ်ခုတည်း...သာမာန်ထက်တော့ မြင့်နေလေသည်...ဒီနေရာလေးကို သူမ ဆိုင်ကယ် ပထမနှစ်တည်းက သတ်သတ်မှတ်မှတ်ရပ်နေကျဆိုတော့ ဘယ်သူမှ လာမရပ်ကြ...မသိတဲ့ ပနှစ်အသစ်ကလေးတွေ လာရပ်ရင်တောင် ဘေးလူတြွေမင်ရင် ဖယ်ခိုင်းသွားတတ်တာချည်းလေ...ဘယ်သူ့မှ စကားမပြောချင်ပေမယ့် ခါတိုင်းလိုပဲ ပြုံးထားလိုက်သည်...မနေ့က ကိစ္စ နဲ့ ရှက်သလိုတော့ဖြစ်သား...ကိုယ်က ခပ်ရှမ်းရှမ်း ဖြစ်နေသောလဲ နန်းဆိုင်နွန်းဆိုတဲ့ သူမက စူပါဂဲလ်လေ...ရင်ကိုကော့ ခေါင်းမော့ကာ စီးလာတဲ့ ဒေါက်ဖိနပ်ကို မမြည်မြည်အောင် တစ်ခွပ်ခွပ်နဲ့ တမင်လျှောက်လိုက်သည်...
အောက်ထပ်မှာ မြင်နေကျ အိုက်ထွေးကား မတွေ့တော့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်သွားရသေးသည်...ဒုတိယထပ်ရောက်တော့ ရှေ့မှာ သူငယ်ချင်းမပါပဲ တစ်ယောက်တည်း လမ်းလျှောက်လာနေတဲ့ အသစ်စက်စက် ကွင်း မှုံချယ်ရီဦး ကို တည့်တိုးလိုက်ရသည်.....အစက ခပ်တည်တည် ကျော်သွားတော့မလို့ပဲ..သို့သော် ကိုယ်က စီနီယာဆိုတော့ သဘောထားကြီးမှ ဖြစ်မည်...အပြင်ဖက် ကော်ရစ်ဒါမှာလဲ အလကားသက်သက် ငမ်းကြော လာထနေတဲ့ ဘယ်မေဂျာ တွေ ဘယ်ကျောင်းတွေကလဲ မသိ အကောင်တွေ က တန်းစီလျက် သူမတို့နှစ်ယောက်ကို စိတ်ဝင်စား တိတ်ဆိတိစွာ စောင့်ကြည့်နေကြသည်...
သူမ မှုံချယ်ရီဦး ရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်သည်..ပြီး အလှဆုံး ရိုးသားမှုအပြည့်နဲ့ ပြုံးပြလိုက်သည်...
"Queen အသစ်ကလေး မင်္ဂလာမနက်ခင်းပါ"
တစ်ဖက်မှာ လာနှုတ်ဆက်တာကို မှုံချယ်ရီဦး ခပ်ကြောင်ကြောင် သူစိမ်းဆန်ဆန် ကြည့်နေလေသည်...သူမ ကမ်းထားသော လက်ကို ပြန်ရုတ်ရန် စိတ်ကူးမရှိသေး..
"ဟေ့ မာနကြီးတာလား...တို့ ကမ်းနေတဲ့ လက်ကို ပြန်ရုတ်ရတော့မလား"
ထိုအခါမှ သတိဝင်လာဟန် တူသည်...ဖြူ ဖြူ စင်စင် ပြန်ပြုံးပြရင်း
"အစ်မလို ဆယ်လီတစ်ယောက်က လာနှုတ်ဆက်တော့ အံ့သြသွားလို့ပါ ခွင့်လွှတ်ပါနော် အစ်မ"
စကားဆိုရင်း သူမရဲ့လက်ကို တန်ပြန် ဆုပ်ကိုင်နှုတ်ဆက်လိုက်စဉ် သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ပါ ထောင်ထသွားရသလို အံ့လဲ အံ့သြသွားရသည်...အဘယ်ကြောင့်ဆိုသော် မှုံချယ်ရီဦး ဆိုသော သူမက လူပါ မှုံစက်နေအောင် လှရုံမကသေး အသားအရည်ကလဲ ဝင်းဝါ စိုပြည်သလို ထိလိုက်စဉ် ဝါဂွမ်းလေးလို နူးညံ့နေသောကြောင့်ဖြစ်သည်..သူမတော်တော်နဲ့ လက်မလွှတ်ပေးဖြစ်...
ဘေးက ငကြောင်တွေကလဲ ကြည့်နေသည်..
နောက်မှသတိဝင်လာကာ လက်ကို ညင်ညင်သာသာ လွှတ်ပေးလိုက်သည်...
္ပ"အတန်းမတက်ဘူးလား"
"ဟုတ် တက်မှာဆင့်"
တက်မှာရှင့် လို့ ပြောတာကို သူမရဲ့ ဓနုစကားသံဝဲဝဲလေးနဲ့ ပြောတော့ တက်မှာဆင့် ဖြစ်နေတာကိုလဲ တစ်မျိုးနားထောင်ကောင်းနေလေတော့သည်...ရယ်လိုက်ရင်လဲ သွားတက်ကလေးနှစ်ဖက်နှင့် အတော့်ကို ချောလွန်း လှလွန်းသူလေးပါလား ဟု မနာလိုမှုတွေ ဝေးစွာ ချီးကျူးလိုက်မိသည်..
"ဒါဆို ခုက ဘယ်သွားမလို့လဲ"
"ဗိုက်ဆာလာလို့ ကန်တင်းမှာ တစ်ခုခု သွားစားမလားလို့ "
သူမ နာရီကို တစ်ချက်မြှောက်ကြည့်ရင်း
"အစောကြီး ရှိသေးတဲ့ဥစ္စာ ဆာနေပြီလား"
"နက်စာက အိုက်ယာထနောက်ကျတယ်လေ ကျောင်းမမှီမှာစိုးလို့ မစားခဲ့ရဘူး အဲ့ဒါကြောင့်"
မှုံချယ်ရီဦး က ဗမာသံ လုံးဝမထွက်...သူ့ ဓနု အသံလေးနဲ့ပဲ ပြောနေတော့ သူမ မနည်းနားလည်အောင် ပြန်နေရသည်..အိပ် ကို အိုက်တဲ့...ကျောင်းကို ကျောင်းန် နှာသံပါအောင် ပြောနေတာလေးလဲ ချစ်စရာ...သူနဲ့ စကားပြောရတာ ပျော်ဖို့ကောင်းတာကြောင့် သူနဲ့ လိုက်စားဖို့ဆုံးဖြတ်လိုက်သည်..
"တို့ လဲ အဖော်လိုက်ခဲ့လို့ရလား"
"ဟုတ် ရတယ်ဆင့် မှုံလဲ အဖော်ရတာပေါ့"
"မှုံက သူငယ်ချင်းမရှိသေးဘူးလား"
"ဟုတ် မရှိဘူးဆင့်"
"တို့ မှုံသူငယ်ချင်းလုပ်ပေးမယ်လေ"
"ကျေးဇူးပါဆင့် ဒါဆို သွားရအောင်လေ"
"အင်း"
နှစ်ယောက်စလုံး အောက်ပြန်ဆင်းသွားတော့ ဘေးကကြညိ့နေတဲ့လူတွေ ဆူညံကျန်ခဲ့သည်..
"အိုက်ထွေးကတော့ မဟေသီနှစ်ယောက်ရပြီကွ"
"အေးကွ နှစ်ယောက်ကလဲ တည့်နေတာပဲနော်"
"နားစမ်းပါ ငါ ကွင်းအသစ်လေးကို ကြိုးစားကြည့်မလို့"
"ရနေဦးမယ် မင်းရုပ်နဲ့"
"ဆိုင်နွန်း မှန်းကြည့်ပါလာယ သူအိုက်ထွေးကို မကြိုက်ချင်တော့ဘူးတဲ့""
"အလကားပါ အဲ့လောက် နှစ်တွေအကြာကြီး တွဲခဲ့တဲ့ အတွဲ ဘယ်လိုလူဖြတ်ဖြတ် ပြတ်မနေတော့ဘူး သူတို့က ကျောင်းပြီးရင် လက်ထပ်ကြတော့မှာ"
"ဒါဆိုလဲ မှုံကွာ""
"ဘယ်သူ့မှမရလဲ ဒီဒုထပ်ကနေ ခုန်ချသေကွာ "
"သေရင် အဆန်းမဟုတ်ဘူးကွ အောက်ပိုင်းသေနေမှ ဂရုစိုက်သူမရှိနဲ့ အပစ်ခံနေရမှာ"
"ဟားဟား"
တစ်ယောက်တစ်ပေါက်နဲ့ ဟေးလားဝါးလား လုပ်နေကြတော့သည်..
.
"ဟတ်"
မှုံချယ်ရီဦး နဲ့ သူမ ကန်တင်းမှာ ထိုင်နေတုန်း အိုက်ထွေး အူယားဖားယားနဲ့ရောက်လာသည်..
"ဘာဖြစ်လာတာလဲ"
"ငါ ဟတ်ရဲ့အိမ် သွားခေါ်နေတာ ဆူက သွားပြီဆိုလို့ ဒီရောက်တော့လဲ အတန်းထဲ မတွေ့ဘူး ငါ ဘယ်လောက်စိတ်ပူနေတယ်ဆိုတာ မသိဘူးလား"
အမောတကောနဲ့ လာပြောနေတဲ့ အိုက်ထွေးကြောင့် ဘေးနား ထမင်းကြော်စားရင်း ကြောင်ကြည့်နေတဲ့ မှုံချယ်ရီဦး ကို အားနာသွားရသည်...
ထို့ကြောင့် ရေသန့်ဘူးထဲမှ ရေကို ဖန်ခွက်လွတ်ထဲ ငှဲ့ထည့်ပြီး အိုက်ထွေးကို ကမ်းပေးလိုက်သည်.
"မောသွားလား...သောက်လိုက်ဦး"
သူမ ပေးတဲ့ ရေကို ဟန်မဆောင်နိုင်ပဲသောက်လိုက်သည်..အိုက်ထွေး ဘာမှမပြောခင် သူမအရင်
"မှုံ သူက အိုက်ထွေးတဲ့ သိပြီးသားပေါ့နော်...အိုက်ထွေး ဒါ ငါ့သူငယ်ချင်းအသစ် မှုံချယ်ရီဦး "
မလိုအပ်မှန်း သိပေမယ့် မိတ်ဆက်ပေးလိုက်သည်..တကယ်ဆို ဒါတို့ချစ်သူ အိုက်ထွေးတဲ့..အဲ့လိုလေး မိတ်ဆက်ပေးသင့်တာမလား..
"ဟုတ်"
နှစ်ယောက်က ဝတ်ကျေးတန်းကျေ ပြုံးပြလိုက်လိုက်သည်...အိုက်ထွေးရှိနေလို့လားမသိ တဝက်ခန့်ကျန်နေသော ထမင်းကြော်အား မှုံဆက်မစား..ဒီတိုင်းရပ်နေသည်...အိုက်ထွေးကလဲအလိုက်ကန်းဆိုးမသိ...
"ကဲ အိုက်ထွေး.ငါ့ကို လက်မှတ်ထိုးထားပေးဦး မှုံပြီးမှ အတူလိုက်ခဲ့မယ် သွားနှင့်"
"ဟတ်...ငါ စိုင်းခေးတို့ကို ထိုးခိုင်းထားပြီးပြီ အတူ သွားရအောင်"
"အိုက်ထွေး ငါ စိတ်မတိုချင်ဘူးနော် နည်းပါး အလိုက်လေးသိသင့်တယ် ငါက ဒီမှာ ဧည့်သည်နဲ့"
စကားခပ်ကျိတ်ကျိတ်များနေသော သူမတို့ နှစ်ယောက်ကြား မှုံနေရခက်လာသဖြင့် ထရပ်လိုက်သည်..
"အစ်မ မှုံ သွားနှင့်မယ်နော်...အစ်မရဲ့ အအေးဖိုးပါ ရှင်းခဲ့မယ်"
"ဟာ ရတယ် မှုံရဲ့ မှုံဗိုက်ဆာတယ်ဆို"
"မှုံ ဝသွားပါပြီ..သွားပြီနော်"
နှစ်ယောက်စလုံးကို အပြုံးနဲ့ နှုတ်ဆက်ပြီး ပိုက်ဆံရှင်းကာ ထွက်သွားလေသည်...သူ ခပ်ဝေးဝေးရောက်သွားမှ
"အိုက်ထွေး ငါ အဲ့ဒါတွေ မကြိုက်တာ နင်ဟာလေ နည်းနည်းမှ အလိုက်မသိဘူး"
"ငါ ဘာလုပ်မိလို့လဲ ဟတ်ရယ် မနေ့ကလဲ လူပုံအလယ်ကြီးမှာ ငါ့ကို အော်တယ်..ငါ ပွဲသာ ဆက်လျှောက်ဖြစ်နေတာ စိတ်ပါတယ်ထင်နေလား....လူတိုင်းက ငါ့ပဲ လှောင်ပြုံးတွေနဲ့ကြည့်နေကြတာ..ဖုန်းဆက်တော့လဲ မကိုင်ဘူး...ငါ ဘယ်လိုခံစားရမယ်ဆိုတာ နင်မသိဘူး"
မျက်ရည်တွေ ဝဲလာပြိ...အထဲက လူအချို့နဲ့ စားပွဲတွေကလဲ ငေးလို့နေသည်..
"နင်ဟာ တနေ့တခြား ပိုပိုဆိုးလာတယ် အိုက်ထွေး...နင့်စိတ်တွေက ဘာဖြစ်နေတာလဲ.ဘာဖြစ်ချင်တာလဲ...ခုတလော ငါ့ကို ချုပ်ချယ်ချင်လာတယ်..ပြိးတော့ ထစ်ခနဲဆို ငိုမယ်..ဒူးထောက်မယ်..လူကြားထဲ အရှက်မရှိပဲ ငါ့ကို တမင် အကျပ်ရိုက် အနေရခက်အောင် သိပ်လုပ်တာပဲ..ယောက်ျားမာနလေးတောင်မထားနိုင်ဘူးလား"
သူမ အော်ငေါက်ပလိုက်တော့ ခေါင်းငုံ့သွားသည်.
"အဲ့ဒါကတော့ ချစ်တာကိုး ဟတ်ရယ်...ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်တွက် မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါဟာ"
"နင်ချစ်သလို ငါကရော မချစ်လို့လား..ငါဆို နင့်ကို ဘယ်သူနဲ့မှ သဝန်တိုဘူး နင်ဘာလုပ်လုပ်မချုပ်ချယ်ဘူး..ငါ လိုချင်တာ နင့်လို ပျော့ညံ့ညံ့ပုံစံမျိုးမဟုတ်ဘူး အခုလဲ ကြည့်..ငါ မှုံနဲ့ ဆိုင်ထိုင်နေတယ် မှုံက ဗိုက်ဆာနေတာ ငါက အဖော်လိုက်လုပ်ပေးတာ..သူ့မှာ ကန်တင်း ထိုင်ဖော်တောင် သူငယ်ချင်းမရှိလို့ ငါ လိုက်လာပေးတာ..သူစားလို့မှ တစ်ဝက်မကျသေးဘူး နင်က လာနှောင့်ယှက်တယ်..သူက သူစိမ်းယောက်ျားရှေ့မှာ စားရမှာ ရှက်နေမှာပေါ့..နည်းနည်းမှ အလိုက်မသိဘူး..ငါ အဲ့ဒါကြောင့် နင့်ကို စိတ်ပျက်တာ"
"ဘာရယ်..ဟတ်....ငါ့..ငါ့ ကို စိတ်ပျက်တယ် ဟုတ်လား..."
"အေး..စိတ်ပျက်တယ် နင် တသက်လုံး ဒီအချိုးမျိုးပဲ ဆိုရင်တော့ ငါ ပြန် စဉ်းစားရလိမ့်မယ်..ဒါပဲ ငါ့နောက် ထပ်မလိုက်လာနဲ့ ငါ မတော်တဆအော်မိရင် နင်ပဲ အရှက်ကွဲလိမ့်မယ်".
ဘေးခုံမှ လွယ်အိပ်ကို ကောက်ယူပြိး ထထွက်လာခဲ့သည်..သူမ အမိန့်တိုင်း အိုက်ထွေး မလှုပ်မယှက် ကျန်ခဲ့သည်..ဇွတ်လိုက်လာရင် သူမ တကယ်အော်မိမှာပါ...
သူမ လိုချင်တဲ့ လိုက်ဖက်မှုဆိုတာ အိုက်ထွေးဆီမှာ မရှိတာ တစ်နေ့တခြား ပိုပို သိလာသည်..အိုက်ထွေးက ချစ်တာသာ သိသည်....ထစ်ခနဲဆို ငိုမယ် ဒူးထောက်မယ်..ဘယ်သူတွေရှိနေနေ ဘာပဲလုပ်ပေးရလုပ်ပေးရ ဝန်မလေးတတ်တဲ့ သူပင်..အဲ့အကျင့်တွေကို သူမ အရင်က သိရက်နဲ့ တွဲဖြစ်ခဲ့တာ နှစ်ကာလက မနည်းတော့..အခုမှ ဘာလို့ အပြစ်တွေ မြင်လာရပါသနည်း..သူမလဲမသိတော့ပါ...
.
..
Zawgyi