28

801 78 0
                                    


.
.
"အစ်မ ငြိမ်ကျသွားပါလား ဘာဖြစ်လို့လဲ"
ပထမနှစ်ဝက် စာမေးပွဲတွေ နီးလာပြီဆိုတော့ ကျူ ရှင်တွေ ဖွင့်တာနဲ့ တက်လိုက် ကျောင်းမှာ ပရယ်တီကယ် ဆင်းလိုက်နဲ့ အလေလိုက်ချိန်ပင်.သိပ်မရှိတော့..ခုလို စူပါ ဆန်းဒေးကျတော့မှ မှုံကော ဆိုင်နွန်းကော အတူဆုံဖြစ်ကြသည်...ကျန်တဲ့ သူတွေတော့မပါ...စိမ့်သက်အေးမြသော တောအုပ်တွေကြားမှာ ရှိနေတဲ့ ရေကန်အစပ် အရိပ်ကလေးမှာ သင်ဖြူးဖျာကလေး တဟ်ချပ်ခင်းပြီး ခေါက်စားပွဲသေးသေးလေးနဲ့ စာအတူ လုပ်နေကြခြင်းပင်...မှုံက တွက်စာတွေ တွက် ပြန်စစ်ပြီး သူ့ရှေ့က ဆိုင်နွန်းကို ကြည့်လိုက်တော့ ဘောလ်ပင်သာ ကိုင်ပြီး ဘာမှမရေးဖြစ်ပဲ ငိုင်တွေနေသော ကြောင့် မေးလိုက်ခြင်းပင်...
"ဟိတ် ပီဆိုင်နွန်း"
ငိုင်နေတဲ့ ဆိုင်နွန်း မျက်စိရှေ့ လက်ယမ်းပြလိုက်မှပဲ
"အင်....မှုံ ဘာပြောတာလဲ"
"ဘာလို့ စာမတွက်တာတုန်း မှုံတောင် လေးပုဒ်ရသွားပြီ"
"စိတ်မပါဘူး မှုံရေ"
လက်ထဲက ဘောလ်ပင်ကိုချ ... ဖွင့်ထားသော စာအုပ်ကို ပိတ်ကာ အောက်တိုးတိုးလေးက သစ်သားခုံတန်းလေးဆီ ဆင်းသွားလေပြီ...မှုံလဲ ထိုင်ရာမှ ထကာ လိုက်ဆင်းလာရင်း
"အဆင်မပြေတာများ ရှိနေတာလား"
မှုံအမေးကို သက်ပြင်းရှည်ရှည်လေးသာ ဆွဲချပြီး ခေါင်းငြိမ့်ပြသည်....
'မနှင်းနဲ့တော့ မဟုတ်လောက်ပါဘူးနော်"
"မ နဲ့ က အဆင်ပြေပါတယ် ပြေအောင်လဲ မ ဖက်က အလျှော့ပေးနေတာချည်းမို့လေ"
"ဟုတ်....မနေ့ညက မနှင်း ဖုန်းဆက်လာသေးတာ"
"ဟုတ်လား ဘာတဲ့လဲ"
"အစ်မ အကြောင်းမေးနေတာ....ခုတလော သဲက သိပ်အဆင်မပြေချင်သလိုပဲ မှုံရယ်တဲ့...အာ့ မ မေးတော့လဲ ဘာမှမပြောဘူး ဒါကြောင့် မှုံများ သိနေမလား လို့ မေးကြည့်တာပါတဲ့"
"မှုံက ဘာပြောလိုက်သေးလဲ"
"မှုံ မှ မသိတာ အစ်မရယ်...တွေ့ရင် မေးကြည့်ပေးပါ့မယ် လို့ ပြောလိုက်တာပေါ့"
"မေမေ သိသွားပြီ မှုံရဲ့"
တကယ့်ကို လေပူကြီး မှုတ်ထုတ်လို့ လေးလေးပင်ပင်ကြီး ပြောချလိုက်တော့ မှုံ ရုတ်တရက်မို့ နားမလည်လိုက်ပါ...ထို့ကြောင့် သေချာအောင် ထပ်မေးလိုက်သည်..
"ဘာကိုသိတာလဲ အစ်မ"
"တို့နဲ့ မ မိန်းကလေးချင်း ကြိုက်နေကြတာကိုလေ"
"ဟင်...ဘယ်လိုသိတာလဲ"
"ဘယ်သူပြောလိုက်တာလဲတော့မသိဘူး အရင်ပတ်က မေမေ ခေါ်မေးတာ....တို့က မေမေ့ကို မညာရဲဘူး...အာ့ကြောင့် တို့ ဝန်ခံလိုက်ရတာ...ပြီး ဒီတစ်ပတ်လုံး မေမေ တို့ကို အဖတ် မလုပ်ဘူး"
"ဘယ်လို ဖြေလိုက်လဲ အစ်မ ဟင်.."
မှုံ သိလိုဇောနဲ့ အလောတကြီး မေးလိုက်မိသည်...ဆိုင်နွန်း အကြည့်က လှိုင်းကြက်ခွပ်လေးတွေ ထနေတဲ့ကန်ရေပြင်ဆီ ရောက်သွားသည်...
.
လွန်ခဲ့သော တစ်ပတ်ခန့်က....
မေမေ့အမေးကို ဘယ်လိုမှ ရှောင်လွှဲလို့ မရမှန်း သိနေတာကြောင့် စိတ်ဒုံးဒုံးချပြီး ခေါင်းငုံ့ကာ ဖြေချလိုက်သည်.. .
"မ ပါ..မနှင်းနှင်းဝေပါ မေမေ"
မ အမည်လဲ ကြားရော...မေမေ က သောက်လက်စ လက်ထဲ ကိုင်ထားဆဲဖြစ်သော ရေနွေးခွက်ကို ရှေ့စားပွဲပေါ် ဆောင့်ကြီး အောင့်ကြီး ချလိုက်သည်...
ဒုန်း.....
အသံကြောင့် သူမ ကိုယ်မှ လိပ်ပြာတောင် လွှင့်သွားမတတ် ဆတ်ခနဲ ဖြစ်သွားရသည်...
"ဟို...မေ...မေမေ သမီးတို့ကို မခွဲပါနဲ့ မေမေရယ်...နော်.မ ကို သမီး အရမ်းချစ်တာပါ မေမေရယ် နော်"
ဘယ်လိုကနေ ဘယ်လို ဆိုဖာပေါ်ထိုင်နေရာမှ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်မသိ.ဒူးလဲ ထောက်ထားသလို လက်အုပ်ကလေးပင် ချီမိလျက်သား....မေ့မေ့ကို ကြောက်သည့်စိတ်ကော ခွဲမှာစိုးသည့်အတွက်ပါ တကိုယ်လုံးတုန်ယင်လို့ မျက်ရည်တွေ ဖြာကျနေပါပြီ....
မေမေများ အတင်းအကျပ်ခွဲလိုက်လို့ မ နဲ့ ဝေးရပြီဆိုလျှင်...
ဆက်မတွေးရဲတော့...မေမေ့ကိုလဲ မျက်နှာချင်းမဆိုင်ရဲ...မျက်လုံးစုံမှိတ်ကာ ဘုရားကို အာရုံပြုနေလိုက်သည်...
"မရှင်းလို့ တစ်ခုလောက် မေးပါရစေလား"
ခနဲ့တဲ့တဲ့ မေမေ မေးလာမယ့် မေးခွန်းကို လက်မခံရဲစွာဖြင့် ခေါင်းငြိမ့်လိုက်မိပြန်ပြီ...
"ဟဲ့ ပါးစပ်ကဖြေ...ငါနဲ့ မျက်နှာချင်းဆိုင်စမ်း"
"ဟုတ်...ဟုတ်ကဲ့"
မရဲတရဲ မေမေ့ကို မော်ကြည့်ရသေးသည်....တားမရတဲ့ မျက်ရည်တွေကတော့ တွေတွေကျဆင်းလို့....
"ငါက မြေးလိုချင်တာ"
"ရှင်..."
မေမေ့စကားက မေးချင်လို့ ဆိုလဲပြောသေး..မဆီမဆိုင်မြေးလိုချင်တာ ဆိုတော့ သူမ ဘာပြန်ဖြေရမလဲ မသိတော့..
"ညည်း မွေးပေးနိုင်လို့လား"
"ဟင် မေမေ....ကျေးဇူးပြုပြီး.မေမေရယ်.ရှိကြီး.ခိုးပါရဲ့....."
ထိုင်နေတဲ့ မေမေ့ ခြေသလုံးကို ဖက်ပြီိး.ထိန်းထားတဲ့ မျက်ရည်တွေ စင်ထွက်လာသည်...မဖြစ်ပါ...မ နဲ့ဝေးလို့ လုံးဝမဖြစ်...ဘဝမှာ ရင်နဲ့ရင်းပြီး ချစ်ရတာဆိုလို့ သူစိမ်းသက်သက်က မ တစ်ယောက်တည်းသာ ရှိသည်လေ...
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မေမေ့ကို ရအောင် တောင်းပန်ရမည်....မ နဲ့ မခွဲဖို့အရေး ဘာပဲလုပ်ရ လုပ်ရ...
"ဖယ်စမ်း ဆိုင်နွန်း...နင့်ကို ငါတို့တအိမ်လုံးက ချစ်လွန်းလို့ ဖူးဖူးမှုတ်ထားတာ...နင်က အခွငိ့အရေးယူပြီး အတတ်ကောင်းတွေတတ်နေတယ်..ဒီလိုတွေ ဖြစ်နေတာ နင့်အဖေသာ သိရင် သူ့အသိုင်းဝိုင်းကြား ဘယ်လို မျက်နှာပြမလဲ....မိဘတွေက သားသမီးကောင်းစားအောင် မိုးပေါ် မြှောက်တင်ပေးနေတာကို နင်က မြင့်တယ်ဆိုပြီး ခုန်ချ ချင်နေတာပေါ့"
"တောင်းပန်ပါတယ် မေမေရယ်....သမီးတို့ ချစ်ခြင်းက အဲ့လောက် အပြစ်ရှိလို့လာုးပီးတော့ ပတ်ဝန်းကျင်ဆိုတာက..."
"တိတ်​စမ်း..."
ဒေါသထွက်နေတဲ့ မေမေ့ကို ဒီချိန် ဘာတရားမှ ချပြလို့ရမည်မဟုတ်မှန်း သူမ သိပေမယ့် ရင်ထဲမှာ မ နဲ့များ ဝေးရလျှင် ဆိုတဲ့ အသိက ထိုးဝင်မွှေနှောက်နေတာကြောင့် ရသမျှအခွင့်အရေးနဲ့ မေ့မေ့ကို စည်းရုံးကြည့်ချင်သေးသည်...
"အပါးက အဲ့လောက်လဲ ခေတ်မတုံးသေးပါဘူး"
"အဲ့လိုဆို ငါက ခေတ်မမှီတဲ့ အဖွားကြီးပေါ့လေ...ဟုတ်လား ဆိုင်နွန်း....မိန်းမချင်းကြိုက်တယ်လို့ ငါ့တသက်မှာ တစ်ခါမှ မကြားဖူးခဲ့ဘူး မိန်းကလေးတွေ ယောက်ျားလိုနေတာထိုင်တာကို လဲ ငါမြင်ရင် ကြည့်မရသလို ယောက်ျားတွေ မိန်းမဖြစ်ချင်နေတဲ့ အခြောက်တွေလဲ ငါသိပ်မုန်းတာ...ထားပါတော့...ယောက်ျားလျာ လေးက သာမာန်မိန်းမကို ကြိုက်တာဖြစ်ဖြစ် အခြောက်မက သာမာန် ယောက်ျားကို ကြိုက်တာဖြစ်ဖြစ် အဲ့လိုဆိုရင်တောင် ငါလက်ခံချင်လက်ခံနိုင်ဦးမယ်..
ခုကျ ငါ ဘယ်တော့မှ မကြုံဖူးတဲ့အဖြစ်က ဘာကြောင့် ငါမွေးတဲ့ သမီးမှာမှ လာဖြစ်နေရတာလဲ....မိန်းကလေးစိတ်နဲ့ မိန်းကလေးတစ်ယောက်ကို ကြိုက်တယ် ဆိုတာ ကြားလို့မှ ကောင်းရဲ့လား...."
"ဒါ အပြစ်မှ မဟုတ်တာ မေမေရဲ့ ပြီးတော့ ဒီလို ကိစ္စမျိုး သမီးတို့ပဲ မဟုတ်ဖူး အတော်များများ.ဖြစ်နေကြတာကို..."
"ညည်း အတော် တတ်သိနားလည်နေတယ်ပေါ့"
"အား မေမေ"
မေ့မေ့ရဲ့ လက်ချောင်းတွေက ဆံပင်ချထားသဖြင့် နားရွက်ကို အုပ်နေတော့ မေမေ နားရွက်ဆွဲလိမ်တာကို ဆံပင်စတွေပါ လိမ်ဆွဲသွားတော့ အသည်းခိုက်လောက်အောင် နာကျင်သွားရသည်.....ဘယ်တော့မှ လက်မပါဖူးခဲ့တဲ့ မေမေရယ်....ခု ဒီလို ကိစ္စမျိုးကျမှ လက်ပါရတယ်လို့...
"ညည်းကို ငါ ထမင်းကျွေး မွေးထားခဲ့တာပါ...ချီးစားပြီး မွေးကျွေးခဲ့တာ မဟုတ်ဘူး ညည်းကို လူလို့ ထင်ထားတာ တကယ်တမ်းကျ ညည်း.ခွေးဇာတ်ခင်းတယ်"
"မေမေ"
မေမေ အရင်တည်းက ပါးစပ်ကြမ်း တာ သူမသိထားပါသည်...တစ်စတစ်စနဲ့ မေမေ့စကားတွေ နယ်ကျွံလာမှာ စိုးရသည်...ထိုကျွံလာမယ့် စကားတွေကို သူမ နားဖြင့် ကြားနိုင်စွမ်းမရှိ...ကြားလဲ မကြားချင်...ရိုးရိုးဆူလဲ ရပါတယ် မေမေရယ်...
"ငါ့ကို အော်တာလား ဘာလဲ ငါ့ကိုတောင် အဲ့လိုပြောလို့ ထရိုက်မလို့လား"
ဟူတ်သည်...ခဏက မေမေ့စကားကြောင့် သတိလက်လွတ် ထရပ်လိုက်မိတာ....
"မ မဟုတ်ပါဘူး မေမေ....ဒါ သမီးတို့ ရွေးချယ်တာပါ မေမေရယ်....သမီးတို့ကို ခွင့်ပြုပေးပါ....မေမေ ခိုင်းတာ မှန်သမျှ လုပ်ပါ့မယ်"
"သွားတော့ နင့်မျက်နှာ ငါမကြည့်ချင်ဘူး ဒီနေ့ကစ ငါ့သမီးမဟုတ်တော့ဘူး"
"မေမေ အဲ့လိုတော့ မပြောပါနဲ့ မေမေရယ်"
တားချိန်ပင် မရလိုက်ခင် မေမေက သွက်လက်စွာ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ်တက် မောင်းထွက်သွားတော့သည်....အပြင်ထွက် လိုက်အော်လဲ မကြားတော့....သူမ တို့ အဖြစ်ပျက်ကို ခြံထဲမှာ နေ့တိုင်းအလုပ်လာဆင်းတဲ့ လူတွေ မရှိတော့ မသိလိုက်....
သူမ လဲ ယူကြုံးမရ ဖြစ်စွာဖြင့် အခန်းတံခါးပိတ် ငိုနေမိကာ ညနေလဲရောက်ရော တအိမ်လုံးက ခြောက်ကပ်တိတ်ဆိတ်လို့.....
အဲ့ဒီနေ့က စပြီး....အပါးနဲ့ ကိုကို မသိတဲ့ သူမနဲ့ မေမေတို့ကြားက ကိစ္စလေးတွေ မကြေလည်သလို စကားပြောခွင့်လဲမရှိ....
.
ကျောင်းစာကို စာမေးပွဲ နီးသောကြောင့် တမင် စိတ်နှစ်ပြီး မရမက ကြည့်နေသော်လဲ စိတ်ကမပါ....
အချစ်မီးက အဲ့လောက်ပြင်းထန်မှန်း အခုမှပင်သိလာရသည်...မေမေ က သူမကို ဆုံလျှင် တမင် မျက်နှာလွှဲသွားတတ်သည်...သူမ စကားပြောဖို့ ကြံလျှင် ရှောင်ထွက်သွားတတ်သည်..အပါးတို့ကိုလဲ အပူမကပ်ရဲ...တကယ်က ကိုယ့်မှာလဲ အပြစ်ရယ်က ရှိလှသည်မဟုတ်...သမားရိုးကျ အချစ်တစ်ခုလိုပဲ သဘောထားတာမို့ အပြစ်ရယ်လို့ကို ယူဆမထားတာလဲ ပါသည်..
ကျောင်းမှာလဲ သူမ ဟာ အလိုလို ငြိမ်သက်သွားသည်...လူကသာ လှုပ်ရှားနေတာ..စိတ်တွေက.ဟိုရောက်ဒီရောက်. ခုလဲ တွက်စာမို့လို့ လုပ်နေပေမယ့် စာအုပ
်ပေါ်မှာ ရေးခြစ်နေတာက မ ဆိုသော စာလုံးပေါင်းများစွာ...
📱📱📱📱📱📱
ကြည့်လိုက်တော့ မ...
"ဟလို မ "
"သဲ ဘာလုပ်နေလဲ"
အေးချမ်းကြည်သာသော မ အသံကြားလိုက်ရတဲ့အခိုက် စိတ်တွေညစ်နေတာတောင် ကြည်လင်သွားသည်...မ က တော့ ဘာမှမသိရှာ...အမြဲလိုလို နေ့တိုင်းတော့ မပျက် ဖုန်းဆက် စာပို့သည် .
"စာကျက်နေတာ မရဲ့ မကော"
"ဪ စာကျက်နေတာလား...မက ခုမှ စာရင်းပြီးတာ ကော်ဖီသောက်နေတယ် သဲ လိုင်းတက်မလားလို့ စောင့်နေတာ မတက်လာလို့ မ ဖုန်းဆက်လိုက်တာ"
"ဟုတ် မ...သဲ လေ မနဲ့တွေ့ချင်တယ်"
"တူတူပဲ မလဲ သဲနဲ့တွေ့ချင်တာပေါ့"
မရဲ့စကားတွေကြား စီးမျောရင်းနဲ့ မေမေ့မျက်နှာကြီး စိတ်ထဲထင်လာတော့ ဝမ်းနည်းလာရသည်.
"သဲ ဟလို...သဲ"
"ရှင့် မ"
အတွေးလွန်သွားသဖြင့် မ ဘာပြောနေမှန်းမကြားလိုက်...
"ကြားလား...မရဲ့သဲ ငြိမ်သွားလို့"
"မ....အရမ်းလွမ်းတယ်"
ရည်ရွယ်မထားပါပဲ မျက်ရည်စလေး ဖိတ်ကျလာသည်....အသံလေးလဲ အဖျားခတ်သွားကြောင်း မ သိနေပါလိမ့်မည်...
"ငိုနေတာလား သဲ"
"ဟုတ် မ"
မ ကို ဘာမှ မညာချင်...ရိုးသားစွာ ဝန်ခံလိုက်သည်...
"ငိုရဘူးလေ...သဲ ကျောင်းပြီးရင် မ လာတွေ့မှာပေါ့ ဟုတ်ပီလား စာလဲသေချာကျက်...မ ကိုပဲ လွမ်းမနေနဲ့ မ လဲ သဲကို လွမ်းတာပေါ့ မတို့ အတူနေနိုင်ဖို့ ကြိုးစားကြမယ်လေ နော်"
အဲ့လိုလေး မ ရဲ့ စိတ်ကူး ပြောပြတော့ ပိုငိုချင်သွားသည်...
မေမေက အပြင်းအထန် ကန့်ကွက်တာ မ မှမသိတာနော်....သဲ တို့ နီးဖို့ ကံကော ရှိလို့လားမရယ်...
"သဲ မ ပြောတာ နားထောင်နေရဲ့လား...မငိုနဲ့နော်..သဲ ငိုတော့ မ လဲ နာကျင်ရတယ်.."
မ ကတော့ သူမအဖြစ်တွေ မသိရှာပဲ အားပေးနေလေသည်...ဒီလို အားပေးနားလည်နိုင်တဲ့ မ လို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ကို သူမ ဘယ်လိုမှ လမ်းမခွဲရက်နိုင်ပါ...
သူမ ဖက်က ဘာမှ ပြန်မပြောတော့ မ ကပဲ
"ဟုတ်ပြီ သဲ ခု စာရပြီလား အဲ့ဒါလေးတော့ ပြန်ဖြေ"
"မရသေးဘူး မ"
တကယ်လဲ မရသေးတာ အမှန်မို့ ညာမနေချင်တာ နဲ့ ပြောလိုက်သေးသည်..
"ခုပဲ ဆယ်နာရီခွဲနေပြီ....မကျက်ပဲ ဘာထိုင်လုပ်နေတာလဲ"
ထုံးစံအတိုင်း မ အသံက နည်းနည်း.မာလာပြီ...မ က အဲ့လို သူ့စကားနားမထောင်ရင် ကရုဏာဒေါသ ဖြစ်နေကျလေ...မ ပြောလဲ ပြောချင်စရာ...တညနေလုံး လိုင်းလဲမတက် စာကျက်နေတယ် ပြောပြီး စာကရလားဆိုလဲ မရဆိုတော့ မ အတွက် စိတ်တိုစရာ ဖြစ်နေမှာပင်...
စာအုပ်မှာ စာတော့ ရေးနေတယ်...
မ ဆိုတဲ့ စာလုံးတွေရယ်...စာရွက်ပေါ်က သူမရဲ့ မျက်ရည်စတွေရယ်ကြောင့် စိုရွှဲနေတာပဲ လေ...
"ဖြေလေ ဘာလုပ်နေတာလဲ"
"မ ကို လွမ်းနေလို့ပါဆိုမှ..."
ဘယ်လောက်ပဲ အဆင်မပြေတဲ့အချိန်တွေ ဖြစ်နေပါစေ ညစဉ်လိုလို မ အပေါ်ကို ဆိုးနေ နွဲ့နေလိုက်မှ...
ဘာမှ စိတ်ဆိုးစရာ မရှိပဲနဲ့လဲ ရှာကြံပြီး စိတ်ဆိုးလိုက်ရမှ...မ ချော့တာလေးကို ခံချင်သည်...မ အလိုလိုက် တာလေးကို လိုချင်သည်...ခဏခဏ နေမကောင်းလဲ ဖြစ်ချင်သည်....အဝေးကနေ မ ရဲ့ စိတ်ပူမှု ဂရုစိုက်မှုလေးတွေကို လိုချင်သည်....မ ကတော့ ဆူလဲဆူသည်...ဂရုလဲစိုက်သည်...အမေလိုတစ်မျိုး အစ်မလို တစ်သွယ် ချစ်သူလိုရယ် သုံးကိုယ်ခွဲ ကြင်နာယုယမြတ်နိုးတတ်သူလေးပင်...
"ဟိတ် လွှဲမချနဲ့ ကလေးမ...မ ကို လွမ်းနေတာ ဆိုပြီး စာမရပဲနဲ့ ထိုင်မနေနဲ့ ကဲ မ ဖုန်းချတော့မယ် နာရီဝက် မိနစ်သုံးဆယ် လုပ် စာကို စိတ်နှစ်ပြိးကျက် ဟုတ်ပြီလား"
"နေဦး မ"
"ဘာပြောဦးမလဲ ပြော"
"ချစ်တယ် မ လွမ်းတယ် တွေ့ချင်တယ်"
"တူတူပါပဲ သဲရယ် ခဏလေးပဲ စောင့် ဟူတ်ပြီလား မ ကြိုးစားနေတာ ခုဆို သဲ နဲ့ နီးဖို့ချည်းပဲ စိတ်ချနေ"
"မ က အရမ်းလှတယ် ပညာလဲတတ်တယ်လေ ဘယ်စိတ်ချမလဲ"
"အမလေး ဒေါ်ရွှေသဲရယ်...စိတ်ချနေစမ်းပါ...မ မှာ ရှင့်တစ်ယောက်တည်းတွက်ပဲ အသည်းရှိတာ "
"ဟူတ်"
"စာကျက်ပါနော် ဆယ့်တစ်ထိုးရင် အိပ်တော့ မ တော့ အိပ်နှင့်ပြီ"
"ဟုတ် ကဲ့ မ 😍😘😘"
မ ဖက်ကတော့ သူမ နဲ့ နီးဖို့ တဲ့...သူမကတော့ ခုထိ ဘာမှမရေရာသေးပါလား....
.
"နှင်း.နင်တော့ ကံကောင်းတယ်ဟေ့"
ရုံးထဲ လှမ်းဝင်ဝင်ချင်း ခရီးရောက်မဆိုက် အပေါက်ဝမှာတင် ဇေယျာ လှမ်းပြောလိုက်တာကြောင့် သူမ မျက်စောင်းတွေ ဇေယျာစီ ပစ်လွှတ်မိသည်...ပစ်စရာလဲ ကောင်းလောက်အောင် သူ့မျက်နှာက မချိုမချဉ် စပ်ဖြဲဖြဲကိုး...
"ဘာမဟုတ်တာတွေ လုပ်ထားပြီလဲ"
"ငါ အကောင်းပြောတာပါနော် မယုံလဲနေပေါ့ ဘယ်နှယ့် မျက်စောင်းကြီးလဲ အထိုးခံရသေး မယုံသင်္ကာလဲ ဖြစ်ခံရသေး"
"မပြောလဲ နေပေါ့ အချိန်တန်ရင်သိမယ့်ဟာကို"
ပြောကို ပြောချင်နေသော ဇေယျာပုံစံကိုကြည့်ပြီး သူမ ခြေလှမ်းပင်မရပ်ပဲ သူမ အလုပ်လုပ်ရာ အထပ်ကို တက်လာလိုက်သည်...ဇေယျာက နောက်ကနေတကောက်ကောက် လိုက်တက်လာကာ
"ဟဲ့ နေဦးလေ နင်ကလဲ ချေတာဟယ်"
"ပြောမှာဖြင့် ပြော ငါ သိပ်အားတာမဟုတ်ဘူး ဘော့စ်နဲ့ မနေ့က သွားခဲ့တဲ့ ပရောက်ဂျက်ကို ငါ ဒီနေ့ စကိုင်ရတော့မှာ"
"သိပါတယ် သိပါတယ် ခဏလေးရပ်ဦး မောတာ"
လှေကား အကွေ့နားလေးမှာ ရပ်ပစ်လိုက်မှ သကောင့်သားက အမောဖြေဟန်ဖြင့် အသက်ကို လုရှူ ပြီး
"ငါရောက်တော့ ဘော့စ် က ရုံးခန်းထဲ ရောက်နှငိ့နေပြီ ပြီး ဂျာကြီးနဲ့ နင့်အကြောင်းပြောနေတာ ကြားခဲ့တာဟ"
"ဘုရားရေ ဘော့စ်ရောက်နေတယ် ဒုက္ခ ပဲ ငါ ဒီနေ့လေးပဲ နောက်ကျတာကို အဆူတော့ ခံရမှာ"
"နေစမ်းပါ နင်ကလဲ ဆူခံရမယ့်အရေးမဟုတ်ဘူး ဝမ်းသာရမယ့်အရေး"
"ဘာလဲဟ"
"ဒီလကုန်ရင် စလုံးက ရှယ်ယာဝင်တွေနဲ့ စုပေါင်းပြီး ချောင်းသာနဲ့ ပုဂံမှာ ဟိုတယ်လ် ဆောက်ကြမှာ ဆိုတာလေ သိတယ်မလား"
"အင်းလေ"
"အဲ့ဒါ နင်နဲ့ငါပဲ ဦးစီးရမှာမလား"
"သိပြီးသားကို လာပြောနေပြန်ပြီ ဒါလား နင်ပြောချင်တာက"
"ငါ့စကား မဆုံးသေးဘူး "
"ပြောလေ မြန်မြန်"
"စလုံးက ပညာရှင်တွေနဲ့ ပူးပေါင်းရမှာ အဲ့ဒါအတွက် ငါတို့နှစ်ယောက်ထဲက တဟ်ယောက်တော့ စလုံးကို သင်တန်းသွားတက်သလိုမျိုး သွားရမှာ ငါတော့ မဖြစ်နိုင်ဘူး ဘာလို့ဆို နင်သိတဲ့အတိုင်း နောက်လထဲမှာ ငါနဲ့ခက်ရဲ့ မင်္ဂလာကိစ္စလုပ်မှာဆိုတော့ နင်ပဲ ဖြဟ်ဖို့များတယ်"
"ဟာ မသွားနိုင်ပါဘူး အိမ်မှာမေမေတစ်ယောက်တည်း"
"နင်မသွားရင် တခြားသူ သွားမှာ နင်စဉ်းစားနော် ဒီအခွင့်အရေး ဘယ်သူမှ ရတာမဟုတ်ဖူး.ပြီးတော့ လစာလဲ နင်သင်တန်းတက်နေတဲ့အချိန်ကစပြီး ငါ့ထက်တောင် နှစ်ဆလောက် မြင့်သွားမှာ..ကံကောင်းရင် နင် မြန်မာပြည်မှာ တောင် လုပ်စရာမလိုဘူး စလုံးမှာ လုပ်နေရုံပဲ ဒေါ်လာချီပြီးရမှာ စိတ်ကူးမလွဲနဲ့'
"ဟင့်အင်း ငါ မလုပ်ချင်ဘူး"
"နင့်အမေကို စိတ်မချတာ တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်"
"နင်သိသားပဲ ဟုတ်တယ် ငါ သဲနဲ့ ခုလိုတစ်ပြည်တည်းခွဲနေရတာတောင် အမြဲလွမ်းနေရတာ ရေမြေခြားများ ဝေးရရင်တော့ ငါ သေမှာပဲ တော်ပြီဟာ နောင်ခါလာ နောင်ခါဈေး ဘာဖြစ်ဖြစ် ငါ ငြင်းမှာ"
ပြောပြီး အပေါ်ထပ်သို့ ခပ်မြန်မြန် တက်လာတော့သည်..အောကိမှာ ကျန်နေခဲ့တဲ့ ဇေယျာတော့ ဘာတွေ အော်ပြောနေလဲ မသိတော့...
ဟုတ်သည်လေ....သတိရတိုင်းတောင် ပြေးတွေ့ခွင့် မရှိတဲ့ အဖြစ်ကို အလွမ်းပြေ အနမ်းချွေဖို့ ဖုန်းဆက်လို့က တစ်ပြည်ထဲပဲ တတ်နိုင်တာလေ..ရေမြေတွေများ ကွာခြားသွားခဲ့ရင် သိတဲ့အတိုင်းအလုပ်ကိစ္စနဲ့ဆို လိုသည်ထက် ပိုဝေးသွားကြမှာ..ဒါကိုတော့ လုံးဝ အဖြစ်မခံနိုင်ပါ...
သဲနဲ့ဝေးရလို့ကတော့ သူမအတွက် တစ်ဘဝလုံး ဆွေးပြီ..
.
.

အချစ်ဖြင့် ပြီးပြည့်စုံသောWhere stories live. Discover now