.
.တစ်နေ့လုံး မ ရှိရာ ဆိုဒ်ထဲက စားပွဲမှာ ထိုင်လိုက် အိပ်ငိုက်လိုက် မုန့်ထစားလိုက် ဖုန်းသုံးလိုက်နဲ့ ပျင်းရိစရာ အချိန်တွေချည်းပဲ....
မ ကိုလဲ သနားသည်...အလုပ်သမားတွေကို တစ်ခုခိုင်းပြီး သူမ ဆီ လာစကားပြောလိုက် ခဏနေ တစ်ယောက်လာခေါ်လို့ သွားကြည့်လိုက်နဲ့ မ ဟာ နေပူကြီးထဲမှာကော အရိပ်ထဲမှာပါ တစ်နေကုန် ရပ်နေရသည်...သဲမှုံ မြေမှုံကြားမှာ ဖြူ လွလွ မ တယောက် ကြံ့ကြံ့ခံ နေနိုင်တဲ့ သူတစ်ယောက်ပါလား..
ဆိုဒ်တွင်းဆောင်း ဦးထုတ်လေးနဲ့ laptop လေးနဲ့ ဟိုနှိပ်သည်နှိပ်....
ညနေစောင်းပြန်တော့လဲ အလုပ်သမားခ ရှင်းရ...
အလုပ်သမားတွေလဲ အဲ့လောင်ပင်ပင်ပန်းပန်း လုပ်ရမှ တစ်ရက် ငါးထောင် ခြောက်ထောင်မိန်းမဆို လေးထောင်....
တရက် အဲ့လောက်ထောင်ဂဏန်းလေးနဲ့ တအိမ်ထောင်စာ စားစရိတ် လောက်တောင်မရှိပါပဲ ဘယ်လိုတွေ စားကြသောက်ကြလဲ မသိတော့ ...တစ်ရက် မသုံးဘူးဆိုတောင် တသောင်း နှစ်သောင်းလောက် သုံးဖြစ်နေတဲ့ သူမရဲ့ မုန့်ဖိုး တဝက်လောက်တောင် မရှိတဲ့ ဒီလူတွေရဲ့ ဝင်ငွေလေး ချွေးနဲစာလေးကမှ ပါးစပ်ပေါက်များစွာ အသက်ပေါင်းများစွာကို ကယ်ပေးနိုင်သည်...
သူမတို့ အပျော်သုံးနေတဲ့ ငွေက ဒီလူတွေတွက် ချွေးစမြေကျမှရတဲ့ ငွေထက်တောင် ပိုများနေပါလား...
မ နဲ့အတူ ငွေရှင်းပေးပြီး မ က ကျောပိုးအိတ်ထဲ ပစ္စည်းတွေ အစီအရီ သိမ်းထည့်နေသည်...သဲမွမွလေးတွေပေါ် သူမ စားပြီး ခုံပေါ်တင်ထားတဲ့ အမှိုက်တွေကျ ကျနေတော့ မ က ပြန်ကောက်စုနေပြန်သည်...ပြီး အမှိုက်အကုန် ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး အခန်းထောင့်က အမှိုက်ပုံးထဲ သွားပစ်လိုက်သည်...
"သဲ ပျင်းသွားပြီလား"
,မ က သူမနောက်နားဆီမှ ခပ်ခွာခွာ လိုက်ရင်းမေးနေသည်မို့ သူမ တမင် မ မှီလာအောင် ခြေလှမ်းနှေးလိုက်သည်...
"ပျင်းတော့ ပျင်းတာပေါ့ ဒါပေမယ့် မပျင်းဘူး"
"အင်းပါကွာ မ တို့ ရုံးခဏ ဝင်မယ် စာရင်းအပ်ပြီး အိမ်ပြန် ရေချိုး ပြီးမှ ကျုံးဘေး လမ်းသွားလျှောက်ကြမယ်"
"ဟုတ် မ"
မ သဘောကျ လိုက်လျောလိုက်သည်...သူမစိတ်ထဲမှာလိုသာဆို မ နဲ့ အတူ တစ်နေရာမှာ ထိုင်ပြီး နေချင်သည်... ဘယ်မှ မသွားချင်...ရေလဲ မချိုးချင်..
သို့သော် မ ကိုယ်က ချွေးစေးတွေနဲ့ ညစ်ပတ်ပေရေနေသောကြောင့် သူမ ရှေ့မှာ မ အနေခက်မှာ သေချာသည်လေ...ထို့ကြောင့် သာ သဘောတူလိုက်တာ...
.
မ တို့ ရုံးက လေးထပ်ကြီးတောင်မှ....
"မ သဲ အပေါ်မလိုက်တော့ဘူး ဒီမှာပဲ စောင့်မယ်လေ"
"ဟင် လိုက်ခဲ့လေ သဲ ရဲ့ အောက်မှာ လူတွေက များများနဲ့"
မ က ဘေးဘီဝဲကြည့်ပြီး ပြောနေသည်..
ဟုတ်တာပေါ့...ရုံးအပြင်ဖက်မှာ လက်ဖက်ရည်ဆိုင်မှာလဲ လူအပြည့်...ဘေးဘက် ဘီယာဆိုင်လား.မသိ...လူတွေအပြည့်..
ယောက်ျားလေးတွေချည်း.ခပ်များများမို့ မ က နေစေချင်ပုံမပေါ်ဘူးလေ...သူမလဲ မ နဲ့ လိုက်မဝင်ချင်ပါ..
"မကလဲ သဲ လိုက်ဝင်နေရင် ကြာနေဦးမယ်လေ...မတစ်ယောက်တည်းဆို အောက်မှာ ဧည့်သည်ပါလာတယ်.ဆိုပြီးအမြန်ဆင်းခဲ့ရမှာ"
"ကဲ မဖုရား သဘောပါကွယ်...ဘယ်မှ လျှောက်မသွားနဲ့နော် မ ဒီစာရင်း သွားတင်ပြီးတာနဲ့ ချက်ချင်းဆင်းလာခဲ့မယ်..ဪ..သဲ"
"ဟုတ် မ ပြောလေ"
"ဟိုဖက်ကို မကြည့်နဲ့နော် လာ ဒီအကွယ်လေးနားနေ"
"ဟာ မ ဘာလို့ တုန်း"
"ဘာဖြစ်ရမတုန်း ဟိုဖက်မှာ သဲ ကို မျက်စိအစာကျွေးနေကြတယ်လေ"
"ဟဟမရာ"
"ဘာရီတာလဲ လာ မြန်မြန် ဒီနားလေးနေ မ သွားပြီ"
"ဟုတ်"
သဝန်တိုတာလား မရဲ့....သူကျ ချစ်တယ်လား မချစ်ဖူးလား မပြောသေးပဲနဲ့ လူများရဲ့ အကြည့်ကိုတော့ မခံနိုင်ရအောင်လား...
ဟုတ်လဲ ဟုတ်သည်...ဟိုဖက် ဒီဖက်က လူအတော်များများ အကြည့်က သူမဆီဝဲပျံလို့ လာနေသည်ကိုး...ဆိုင်ကယ် အကွယ်လေးမှာ ထိုင်ချရင်း မ အလာကို စောင့်နေလိုက်သည်.. မကြာဘူးဟု ပြောသွားပေမယ့်လဲ ဆယ့်ငါး.မိနစ် နှစ်ဆယ်လောက်တော့ ကြာသွားသည်....
တော်တော်ကြာမှ မ နဲ့အတူ ရွယ်တူ ကောင်လေးတစ်ယောက် တံခါးမှ ထွက်လာတော့ သူမလဲ ထရပ်လိုက်သည်...ထိုကောင်လေးက မ ကို သူမ အနီးထိ ပို့ပေးပြီး
"နှင်း ဆိုင်ကယ်ဖြေးဖြေးမောင်းဦး"
"အင်းပါ သွားတော့မယ် နက်ဖြန် မလာသေးဘူး "
"ရပါတယ် သွားတော့ မိုးချုပ်သွားမယ်"
"Ok လာသဲ "
သူမကို တခွန်းတလေတောင် ပြောသွားဖို့အနေသာ ကြည့်တောင် မကြည့်သွားတဲ့ ထိုလူအားသူမ လဲ တမင်ပဲ မမြင်ချင်ယောင်ဆောင်လိုက်သည်... မ နဲ့ ဘာပတ်သက်တာပါလိမ့်...
အလုပ်တူ.ဆိုပေမယ့် ဒီလို လိုက်ပို့စရာလိုလို့လား ခေါ်တာကလဲ နှင်းတဲ့...
ထိုလူ သူမတို့ ဆိုင်ကယ်ကို ရပ်ကြည့်နေဆဲမှာ သူမ မ ရဲ့ ခါးကို ဖက်လိုက်သည်....တမင် ရွဲ့တာရယ်...
မက နောက်ကြည့်မှန်မှ တစ်ဆင့် သူမ ကို ပြုံးပြရင်း
"သဲ ကို အားနာလိုက်တာ"
ဟု ပြောတော့ သူမက မ ပခုံးပေါ် မေးစေ့တင် မျက်နှာချင်း နိးစေလိုက်ရင်း
"ဘာလို့"
"မ က ညစ်ပတ်နေတယ်"
"ဘာမှမဖြစ်ဘူး ရေချိုးမယ့်ဟာကို"
"သဲ ဒီနေ့ပျင်းသွားမှာပဲ မ ကလဲ ထိုင်ပြီး စကားမပြောလိုက်ရဘူး နေရာတကာ ကိုယ်က လိုက်ပြလိုက်ပြော နေမှရတာ"
"သဲ သိပါတယ် မရဲ့ ခုအိမ်ပြန် ရေချိုးပြီးရင် ကျုံးဖက်သွားမှာနော်"
"အင်းလေ နည်းနည်းတော့ မိုးချုပ်မှာ"
"ရပါတယ်"
.
.အိမ်ရောက်တာနဲ့ ရေချိုး အဝတ်စားလဲပြီး အပြင်ပြန်ထွက်မယ်လဲ လုပ်ရော မေမေက
"ဒါက ဘယ်ကိုတုန်း "
"ကျူံးဘေး လမ်းသွားလျှောက်မလို့လေ "
"ခုချိန်ကြီးမှ"
"ငါးခွဲပဲ ရှိသေးတာကို"
"မိုးချုပ် ထိမနေကြနဲ့ ညစာကော"
"အပြင်မှာ စားခဲ့မယ် မေမေ"
"ဪ...အင်း သွားကြတော့"
မေမေ့ကို နှုတ်ဆက်ပြီး. ကျုံးဖက်သို့ ဦးတည်လိုက်ပါတော့သည်..ဒီတစ်ခါကျ နှစ်ယောက်စလုံး ဆံပင်တွေချလို့ ဘောင်းဘီရှည်တွေနဲ့ ဆိုင်ကယ် ဉိးထုတ်လဲ ပါမလာတော့ပါ....
.
.ဘောင်တန်းကို ကိုင်၍ လမ်းလျှောက်နေရသည်မှာလဲ တစ်မျိုး ခံစားလို့ကောင်းနေသည်..
သူမ တို့လို ညနေဖက် အားကစား လာလုပ်သူတွေလဲ အများကြီးပင်...သဲ ကတော့ ကလေးတစ်ယောက်လို ပျော်ရွှင်နေသည်....
ပါးနီနီ အသားဖြူ ဖြူ ရှမ်းပြည်သူလေးအား ပုရိသတို့ ကွက်ကြည့် ကွက်ကြည့်နဲ့....သဲက အပေါ်ထပ်ကို ချွတ်ပြီး ဆိုင်ကယ်မှာ ခေါက်ကာ တင်ခဲ့တော့ ရှမ်းစာတွေ ရေးထားတဲ့ အနီရောင် စပို့ရှပ်လက်တိုလေးနဲ့သာ ကျန်သည်လေ...
အပြာရောင် ဂျင်းနဲ့ အနီရောင်တို့က သဲ အသားဖြူ ဖြူ တွင် ထင်းနေတော့သည်...သဲ သည် မလှပါ... လှတယ်လို့ မဆိုနိင်သေး...ချစ်စရာကောင်းလွန်းလှသည်...မြင်ရုံနဲ့ ခင်မင်စိတ်တို့ ယိုဖိတ်လွယ်သည်...
"မ သဲ ကို ဘာလို့ အဲ့လောက် ကြည့်နေတာလဲ"
"လှလို့ပေါ့"
"သဲ ကမလှပါဘူး မ လောက်မလှဘူး မ က မှလှတာ"
"မ လို မှန်ကြောင်ကြီးက လှနေတာပေါ့"
"သဲ မ်က်စိထဲ မ အလွဆုံး"