.
.
"မေမေ သမီး ဖုန်းတစ်လုံး ဝယ်လိုက်မယ်နော်"
အိမ်ဦးခန်းလေးမှာ မေမေ့ကို ရေမွှေးပန်းလေးတွေ ကူစည်းရင်း တိုင်ပင်မိသည်...ဒီနေ့ တနင်္ဂနွေ ဆိုတော့ အေးဆေး နားနေရသည်လေ....လစာလဲ မနေ့က ထုတ်လာပြီးပြီ...
အစက မနေ့က ဝယ်မလို့ပဲ မေမေ့ကို မတိုင်ပင်ရသေးတာနဲ့ မဝယ်ဖြစ်သေး
"သမီး ဖုန်းကကော"
"အရင်အပတ်က ဆိုဒ်ထဲမှာ ကျကွဲသွားတာ မေမေရ"
ကြည့်စမ်း ....ဖုန်း ကွဲတာ အရင်ပတ်တည်းက ကို ခုမှ ပြောဖော်ရသတဲ့...
ဒေါ်နှင်းမြ သမီးဖြစ်သူရဲ့ စိတ်ထဲကို မမှန်းနိုင်..
"အရင်ပတ်တည်းက ဖုန်းမရှိပဲ နေလာတယ်ပေါ့"
"ဟုတ်တယ်...လကုန် ပိုက်ဆံထုတ်မှ ဝယ်မယ်လို့ စိတ်ကူးနေတာ"
"ဘာလို့ အဲ့ချိန်တည်းက မပြောတာလဲ သမီးရဲ့ လကုန်မှမဟုတ်လဲ မေမေ့ဆီ မှာ ဖုန်းတစ်လုံးဖိုးလောက်ကတော့ ရှိပါတယ်"
"သိပါတယ်..မေမေရဲ့...ဖုန်း မရှိလဲ ရနေတာပဲဟာ"
"အလုပ်ကလူတွေနဲ့ကော"
"Email နဲ့ ရတယ်လေ laptop ထဲ ရတယ်...ခုက laptop က အလုပ်သွားအလုပ်ပြန် သယ်ရခက်လို့ ထက် လမ်းသွားရင်း တစ်ခုခုဖြစ်မှာစိုးလို့ ရုံးမှာပဲ ထားခဲ့တာလေ"
"ခက်ပါရဲ့ သမီးရယ် အခု သွားဝယ်လိုက်လေ"
"ဘုရားကြီးဖက်က ပန်းဆိုင်ကို ပို့မှာလား သမီး ပို့ပေးခဲ့မယ်လေ"
ဘာမဆို နားလည်ပေးတတ်သော မေမေ့ကို ကျေးဇူးတင်စွာဖြင့် ချွဲလိုက်သေးသည်...ကျကွဲတည်းက မေမေ့ကို မပြောရဲလို့တော့မဟုတ် ဖေဖေ့အမွေမို့လို့ မေမေ စိတ်မကောင်းဖြစ်မှာစိုးလို့ တမင်မပြောခဲ့ခြင်းပင်..ခုတော့ ဘာမှ ဖြစ်ဟန်မတူ..အေးအေးသက်သာလေးနဲ့ အသစ်ကို အရင်မဝယ်ရကောင်းလား ပြောနေသေးသည်
"အမလေးတော်...ပို့စရာမလိုဘူး သူတို့လာယူမှာ ဘယ်တုန်းကများ မေမေ့စီးပွားရေး အကြောင်း စိတ်ဝင်စားသွားလဲ မသိဘူး"
"အာ...မေမေကလဲ ဒီမေမေ တစ်ယောက်တည်း ရှိတဲ့ဟာ..မေမေနဲ့ပတ်သက်သမျှ သမီးသိပါတယ်နော်"
မေမေ့ပါးကို နမ်းရင်း မေမေ့ရင်ခွင်မှာ လူကြီးတန်မဲ့ နွဲ့လိုက်သေးသည်...မေမေက သူမမျက်နှာပေါ် ဝဲကျနေတဲ့ ဆံနွယ်အချို့ကို ပြန်လည် သိမ်းတင်ပေးရင်း
"ငါ့သမီး ကြီးလာပြီပဲ ချစ်သူလေးဘာလေး မရှာဘူးလား"
"မေမေကလဲ သမီးက မေမေနဲ့ပဲ အတူ ရှိချင်တာရယ်"
"အမယ်....အကြိုက်မတွေ့သေးတော့ ပြောထားပေါ့...အရင်ပတ်ကများဆိုလေ..."
အဲ အရင်ပတ်က ဆိုတော့ ခေါင်းထောင်လာသည့.
"ဘာလို့လဲ "
"မေမေဖြင့်ရည်းစားရနေပြီထင်တာ...ညဆိုလဲ ဖုန်းပြောနေတာ အကြာကြီး...ရီလိုက်မောလိုက်နဲ့ ဒီလိုကျမေမေ့သမီးက သူစိမ်းတွေနဲ့လဲ ရီတတ်သားပဲလို့...ပြီးကျ ဖုန်းပျက်သွားလို့လားမသိဘူး မှိုင်တွေနေတော့ မေမေက ရည်းစားပူမိနေတာလားလို့ပေါ့"
ဟိုက်ရှားဘား.. .....ကျောင်းအုပ်ဆရာမကြီးလို့ မပြောရဘူး မေမေရယ်....လူကဲခတ်တော်ချက်...တကယ်က ဖုန်းပျက်သွားလို့ထက် သမီးရဲ့ သဲကလေးနဲ့ အဆက်သွယ်မရလို့ မေမေရေ့...
ရုံးက Laptop နဲ့ သုံးလျှင်တော့ ရရက်သား......ယူပြန်ရတာ အခက်အခဲဖြစ်နေလို့ အိမ်မှာဆိုရင်တော့ သုံးလို့ရသည်လေ.
ရုံးရောက်ရင် သိတဲ့အတိုင်း ကိုယ့်အလုပ်မဟုတ်ပါပဲ ဂျာကြီးရဲ့ ရစ်ချက်အောက်မှာ နားငြီးလို့ ခဏခဏ အပြက်ထွက်ပေးနေရတာနဲ့ပဲ လိုအပ်သည်ထက် ပိုရှုပ်နေရသည်.
မေမေ့ကို ပိုတိုးဖက်ရင်း
"သမီးချစ်သူရှိရင် မေမေ့ကို ပြောမှာပေါ့ မေမေရယ်..."
"သမီး"
"ရှင်,"
"မေမေ ရမှာက သားမက်လား ချွေးမလား"
ဂိန့်.....ပွင့်လင်းလွန်းတဲ့ မေမေ....
",ဟာ ဘာလာပြောနေလဲမသိဘူး မေမေကလဲ...သမီးငွားတော့မယ်"
အိပ်ခန်းထဲသို့ ပြေးဝင်လိုက်တာတောင် နောက်မှ မေ့မေ့အသံကပ်ပါလာသေးသည်..
"နှင်းနှင်းဝေ သမီး မငယ်တော့ဘူးနော် မေမေတော့ သားမက်ဖြစ်ဖြစ် ချွေးမဖြစ်ဖြစ် အိမ်မှာ အဖော်တော့ လိုချင်ပြီ"
မကြားကြားအောင် အော်ပြောနေတာကိုး...
ပိုက်ဆံအိတ်ထဲ နှစ်သိန်းထည့်လိုက်သည်...လက်ကျန်က နှစ်သေါင်း တစ်သိန်းခွဲတန်လောက်ပဲ ဝယ်မည်ဟု စိတ်ကူးထားသည်. ကိုယ့်အိမ်ပိုင်မရသေးသမျှတော့ ချွေတာစုဆောင်း သူဋ္ဌေးလောင်း ထုံးနှလုံးမူပြီး တစ်နှစ်ထက်တစ်နှစ်.အမှန်တကယ် လိုအပ်တာကိုသာ သားအမိနှစ်ယောက် သုံးကြသည်..
အိမ်အပြင် ဖိနပ်ချွတ်ရောက်တော့ မေမေပြောသလိုပင် ပန်းဖောက်သည်က လာယူနေပြီ...
"မေမေ သမီးသွားတော့မယ်နော်"
"ဆိုင်ကယ်ဖြေးဖြေးမောင်းနော်"
"ဘာစားချင်သေးလဲမေမေ....သမီးဆိုင်တစ်ခုလောက် ခဏထိုင်မယ်နော် "
"အဲ့ဒီ Z net လောက်ပဲ သွားပြီး စာအုပ်တွေချည်းရှာဝယ်မနေနဲ့နော် ဝယ်ထားတာတွေလဲ ကုန်အောင်ဖတ်ရသေးတာ မဟုတ်ဖူး"
သမီးအကြောင်းသိသူပီပီ ဒေါ်နှင်းမြက အိမ်ခြံအပြင်ရောက်နေပြီးတာတောင် လှမ်းအော်လိုက်သေးသည်..
ဟုတ်လဲ ဟုတ်သည်လေ...အိပ်ခန်းက ကျဉ်းကျဉ်းလေး စာအုပ်တွေကလဲ အပြည့်...တိုက်ခန်းလေးရလို့ ပြောင်းလျှင်တော့ အနည်းဆုံး စာအုပ်ချည်း အရင်ပြောင်းရမယ့်ပုံ...
.
ညနေ သုံးနာရီ ဆောင်းတွင်းပေမယ့် နေက ပြင်းနေသည်...
ဆိုင်ကယ်ဦးထုတ်ကို သေချာ မေးသိုင်းကြိုးတပ်ထားရသည်...အပေါ်ထပ် အနက်ရောင် ပါးပါးလေးက လေတိုးတိုင်း တလွင့်လွင့်...ထို့နည်းတူ နောက်ဖက်မှာ လွတ်လပ်စွာ ဖြန့်ချထားတဲ့ ဆံပင်လေးတွေလဲ လေယူတိမ်း ယိမ်းနွဲ့ ...
ဒီလို လေတိုက်တိုင်း လွှင့်ပါနေတဲ့ ခံစားမှုမျိုးကို သူမ အရမ်းနှစ်သက်သည်လေ....တပေါင်းလတောင် မရောက်သေး...မြေမှုန့်တွေက စုစု စုစုနဲ့......
ဖုန်းဆိုင်တစ်ခုမှာ ဝင်ပြီး ဖုန်းဝယ်တာ မှန်းထားတာထက်တောင် ပိုနေသေးသည်....မှန်းသွားတာ တစ်သိန်းခွဲ..ဝယ်လိုက်တာ တစ်သိန်းခုနှစ်သောင်းခွဲ...လက်ထဲ လေးသောင်းခွဲပဲ ကျန်တော့သည်....
မေမေပြောထားလို့သာပဲ....Z Net ရောက်နေပြီလေ...
ကော်ဖီဆိုင်နဲ့ စာအုပ်ဆိုင်တွဲဖွင့်ထားပြီး ကော်ဖီလဲ သောက် စာအုပ်လဲ အေးဆေးဆိတ်ငြိမ်စွာ ဖတ်လို့ရသော သီးသန့်တိတ်ဆိတ်သည့် ချစ်စရာ့ ဆိုင်ကလေးပင်....(ကိုယ်လဲ သွားမလို့ Mdy က ဘဲရီး လာကြွားထားတာ)
ဆိုင်ထဲရောက်ပြီး ဘာစာအုပ်မှ မဝယ်သေးပဲ ကော်ဖီတစ်ခွက်မှာပြီး သကာလ ဖုန်းထုတ်ပြီး ကဒ်အဟောင်းလေးထည့်...
Internet setting ပြန်ချိန်ပြီး
Facebook Account အဟောင်းကို Log in နဲ့ ပြန်ဝင်လိုက်သည်...လိုင်းဖွင့်ဖွင့်ချင်း သူမရဲ့ မူပိုင်.အယ်လဲ့...သူမ ဘာသာ သတ်မှတ်ထားတာလေ....သဲရဲ့ Chat box ကို ဝင်ကြည့်လိုက်သည်...
စာတွေပို့ထားသည်..
ခါတိုင်းလိုပဲ မောနင်း ..
ဂွတ်နိုက်...သို့သော် သူမ မတက်တော့
စိတ်ဆိုးသွားတာလား မရဲ့...သဲ တောင်းပန်ပါတယ်နော်
Sad emoji လေးတွေ တန်းစီလို့....နေ့တိုင်း သူမ မတက်တဲ့ နေ့တိုင်းကို sad emoji လေးတွေ ပဲ ပို့ထားလေတော့သည်.....
Wall ဝင်ကြည့်တော့လဲ တစ်ပတ်အတွင်း ဘာမှကို မတင်ထား....
လိုင်းတက်ချိန်ကိုကြည့်တော့ သောကြာနေ့တည်းက ဒီနေ့ထိ ဘာလိုင်းမှ တက်မလာသေး....
မှာထားတဲ့ ကော်ဖီ ရောက်လာပြီး.မသောက်ဖြစ်သေး..ဖုန်းတွေအိတ်တွေ စားပွဲပေါ်အတင်တိုင်း ထားပြီး ထွက်တာ ကြာနေပြီဖြစ်သော မြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး ဘာသာပြန်စာအုပ်ရယ်...စာရေးဆရာမ ဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများ ရယ် တောင်တန်းတွေရဲ့ အလွန် စာအုပ်သုံးအုပ် သွားရွေးနေစဉ်...စားပွဲပေါ်ကဖုန်းမှာ လိုင်းဖွင့်ရက်သား..သဲ ဆိုသော Nick name လေး ပေါ်နေကာ voice call တွေ ဆက်တိုက်လှိမ့်ဝင်နေတာ စာအုပ်ခရေဇီ မမ နှင်းနှင်းဝေ က မသိရှာ....
.(ကိုယ် ဝယ်မယ့် စာအုပ်တွေ စာရင်းလုပ်ထားတာလေး ချရေးလိုက်တာရယ် ဂရုမစိုက်ခြင်း အနုပညာ က တော့ ပိုင်ရပြီ နတ်သမီးတစ်ပါး ကောင်းမှုကြောင့် ....မဆီမဆိုင် ကျေးဇူးတင်ကြောင်းနော် မတ်မတ် TzT😍😍😘😘😚)
.
"ဟင် သဲ ခေါ်ထားပါလား....2 mins ago တောင် ဖြစ်သွားပြီပဲ ဘာစာမှလဲ ပို့မထားဘူး ဖုန်းပဲ ခေါ်ထားတယ်"
ယူလာတဲ့ စာအုပ်ကို စားပွဲပေါ် ထပ်ထားပြီး ဖုန်းသာ ကြည့်နေမိတော့သည်...လိုင်း အောက် သွားပြီ ဖြစ်သောကြောင့် ဘာမှ လုပ်၍မရတော့...
သဲရဲ့ chat box ကိုသာ အပေါ်အောက် ပွတ်ဆွဲ ကြည့်နေတော့သည်..
.သဲ များ လိုင်းပြန်တက်မလား မျှော်လင့်ချက်နဲ့ပေါ့..
စားပွဲပေါ်က ခဏက အငွေ့တစ်ထောင်းထောင်းထလျက်ရှိသော ကော်ဖီခွက်ကလေးကား အခုတော့ အငွေ့တြွေပယ် အေးစက်နေပြီ...
20 mins ago တောင်မှ ဖြစ်နေပြီကိုး...
စိတ်အားလျော့စွာ ဖြင့် အေးစက်စက်ကော်ဖီကို သောက်လိုက်သည်...သဲ မတက်တော့ဘူးလား အတွေးဖြင့် သူမ လိုက်ူပိတ်ရန် လုပ်စဉ်ပင် သဲ အွန်လိုင်းပြလာတော့
သူမ အဆောတလျင်ပဲ
"သဲ ဖုန်းနံပါတ်ပေး"
ဟု ရိုက်ပြီး ပို့နေစဉ် မရောက်သေးခင်မှာပဲ သဲဆီမှ စာအရင်ဝင်လာသည် ...
"မ ဖုန်းနံပါတ်ပေး"
ရင်ခုန်စွာ ပြုံးလိုက်မိသည်...တိုက်ဆိုင်စွာ အကြံချင်း တူနေသည်ကိုး...
သူမစာလဲ သဲ ဖက်က seen ပြသွားသည်...သူမ နံပါတ် ပို့ပေးလိုက်သလို သဲကလဲ ပြန်ပို့သည်.
တစ်ပတ်စာအတွင်း နှစ်ဖက်စလုံးမှာ ပြောစရာတွေ အများကြီး ရှိနေပေမယ့် ဘယ်က စပြောရမလဲ မသိ....
သဲ ဖက်က
"မ video call ပြောလို့ရလား"
"မ အပြင်မှာ သဲ"
"အလုပ်လား"
"နားရက်လေ သဲရဲ့ သဲကော"
"ကျောင်းပိတ်တယ်လေ...ခု သဲလဲ အိမ်မှာမဟုတ်ဘူး"
"ဘယ်မှာလဲ"
"ခဏနော် ပုံရိုက်ပြမယ်"
သဲ ဖက်က ပုံရိုက်ပြမယ်ဆိုတော့ ဘာတွေများ လုပ်နေပါလိမ့်ဆိုပြီး ရင်ခုန်လှုပ်ရှား စောင့်နေမိစဉ် ရောက်လာပါပြီ...
အင်္ကျီအပေါ်ထပ် အဖြူ အနက် အစင်းကြားလေးဖြင့် သိုးမွှေး ဦးထုတ် အဝါနုရောင်လေးလဲ ဆောင်းထားလိုက်သေး...
သဲက မျက်နှာလေးပင် ချောင်လို့...
"ချစ်စရာလေး သဲရဲ့ ဘယ်နားလေးလဲ"
"ဟင် မ သေချာလဲ မကြည့်ဘူး"
"အယ် ဘာလို့လဲ "
"မမြင်ဘူးလား"
မကျေနပ်တဲ့ sticker လေးတွေ တန်းစီပို့လာသည်....သဲ ပို့ထားသော ပုံကို သေချာပြန်ကြည့်သည်...ကြည့်နေရင်းနဲ့ပဲ
ဘုရားရေ....မြနန္ဒာ ဟိုတယ် ဆိုပါလား.....ခုမှ သဲ ပုံရဲ့ နောက်ခံကို ကြည့်မိသည်လေ....
ကန်ဘောင်ဘက်က မြနန္ဒာ ဟိုတယ်လေ...
"ဟင် သဲ ခု ပုံလား"
"ဟုတ်တယ်လေ"
"သဲ တကယ်ကြီး အခု မန်းလေးမှာလား"
"ရော်....ဟုတ်ပါတယ်ဆို"
"ဘာလာလုပ်တာလဲဟင်...."
ပို့လာပြန်ပြီ emoji တွေ အများကြီး....
"ရာသီဥတု မသာယာလို့ မန်းကို ဆင်းလာတာ"
"ဘာလဲဟင်"
သဲက ပေါက်ကရ သိပ်ပြောတတ်သည်လေ....ခုလဲ ဘာရာသီဥတု အကြောင်းလဲ သူမနားမလည်..မေးလိုက်ရင်လဲ စတစ်ကာတွေပဲ စွတ်ပို့...ထို့ကြောင့် ဆက်မမေးတော့ပဲ
"သဲ မ လာမယ်လေ လာလို့ရတယ်မလား"
ဟိုက သူ့ကိစ္စသက်သက်နဲ့ပဲ ဒီ ကိုယ်နဲ့ စိမ်းပြင်ပြင် စိမ်းနေတဲ့ မန်းမြို့ဆီကို တစ်ယောက်တည်း စွန့်စွန့်စားစား လာခဲ့ရတာကို ဒီ နှင်းနှင်းဝေ ငတုံးမလေးက မသိရှာ...
"မ အပြင်မှာဆို "
"မ သက်သက်လာတာ သဲရဲ့ အလုပ်မရှိဘူး "
"မ တစ်ယောက်ထည်းလား "
"အင်း မ အမြဲတစ်ယောက်တည်းပဲ "
"အာ့ဆိုလာလေ သဲ အပြင်မှာ ထွက်စောင့်နေမယ်"
"Ok ဖုန်းဆက်လိုက်မယ်နော် "
"ဟုတ် ဘာနဲ့လာမှာလဲ"
"ဆိုင်ကယ်နဲ့"
"ဖြေးဖြေးမောင်းခဲ့နော်"
"Inn ဒါပဲ ခုလာပြိ"
Line out စာအုပ်တွေ အိတ်တစ်ခုထဲ စုထည့် လိုက်သည်...ပြီး အပြင်ထွက်မည်လုပ်မှ ပိုက်ဆံရှင်းဖို့ မေ့နေသေးတာမို့ ပြန်လှည့်ရှင်းရသေးသည်....သဲ ထံ သို့ အမြန်ဆုံးရောက်ချင်နေပါပြီလေ...
.
.ဟိုတယ်အောက်ဖက် ဆင်းပြိး မြနန္ဒာ ဟိုတယ် ဟု စာလုံး ထွင်းထားသော ကျောက်ပြားကြီး အနီး ခုံတန်းလေးတွင် မ အလာကို ထိုင်စောင့်နေလိုက်သည်....လာတာက စနေနေ့တည်းက ...နောင်ချိုက မှုံ့အိမ်မှာ တညနေခဲ့သေးသည်.
တော်သေးတာပေါ့...အိမ်က ကျောင်းလေးရက် ပိတ်သည့်ကြားထဲ ဘာမှ လုပ်စရာလဲ မရှိတော့ အကြောင်းပြချက်ပေါင်းများစွာနဲ့ မေမေ့ကို ချွဲနွဲ့ ..မရတော့ အပါးဆီ အပူကပ်..ကိုကို့ကို ကိုယ့်ဘက်တော်သားဖြစ်ရန်သိမ်းသွင်း...မေမေ မြင်မြင်ချင်း မှုံ့ကို သမီးအရင်းလို ချစ်မြတ်နိုးသောကြောင့် ဒီအချက်ကို ပစ်မှတ်ထားကာ မှုံ့ကိုပါ အိမ်သို့ခေါ်ပြီး မေမေ့ဆီ ခ်င့်တောင်းခိုင်းသည်...တစ်ကြိမ်နှစ်ကြိမ်လောက်နဲ့ ခွင့်မပြုသေး..အကြိမ်ကြိမ်ခွင့်တောင်း အပါးတို့ ကိုကိုတို့ တိုက်တွန်းပါမှ နောက်ဆုံး မတတ်သာ ခွင့်ပြုပေးလိုက်သည်....
နောင်ချိုမှာ တစ်ညနေပြီး မှုံမိဘတွေနဲ့ မေမေနဲ့မယုံမှာစိုး၍ အပေါ်ယံ ဖုန်းပြောပေးလိုက်ပြရသည်..
မှုံတို့ တအိမ်သားလုံးဆုံလို့ စကားပြောကြတဲ့အခါ သူမပဲ မနည်းနားစိုက်ထောင်သော်လဲ နားမလည်...ဖြေးဖြေးလေးပြောမှ တစ်လုံးနှစ်လုံးစ နားလည်သည်..မှုံပြောတာတော့ ဓနုစကားလဲ ဗမာစကားလိုပဲ.တစ်ချို့အသုံးမတူတာတွေရယ် ဝဲတာရယ် အသံကွာရုံလောက်ပဲ ရှိတာတဲ့လေ...
မှုံချယ်ရီဦး က တစ်ဦးတည်းသော သမီးလေ....ဘိုးစုံဘွားစုံရသည့်ထဲ သူ့အဘ အဲလေ အာ့ အဘဆိုတာ ဓနုလို အဖေခေါ်တာ ..သူ့အဖေအမေရယ် သူ့အဖေရဲ့အကို သူ့ ဘကြီးတို့ လင်မယားရယ် ..မှုံတို့အိမ်မှာ မှုံအဖေ ဖက်က အဘိုးအဘွား ဘကြီးတို့ လင်မယား သူတို့က ကလေးမမွေးဘူးလေ...မှုံအဖေအမေ ပြီးရင် အိမ်မှာ ကလေးဆိုလို့ လူငယ်ဆိုလို့ မှုံတစ်ယောက်တည်းပဲ ရှိတာလေ....သူတို့က အိမ်ရှေ့မှာ ထမင်းဆိုင်တစ်ဆိုင်ဖွင့်ထားတယ်...နောင်ချို ဈေးကြီးထဲမှာကျ ဓနုရိုးရာ အထည်ဆိုင်ဖွင့်ထားတယ်တဲ့....ကားလဲရှိသည်....
ပြောရရင်မှုံက သူဋ္ဌေးသမီးလေး...နုဖပ်နေအောင် အသားဝင်းဝင်းလေးနဲ့ လှနိုင်ရက် ချစ်စရာကောင်းလွန်းသော မှုံ့ကို သူ့အိမ်က လူတွေလဲ ငုံထားမတတ် ချစ်ကြသည်လေ...
သူမတောင် မဆီမဆိုင် မြင်မြင်ချင်း ချစ်ခင်မိတာပဲ မလား..
မှုံအိမ်မှာ နေရတာ ခဏလေးပေမယ့် ပျော်ရသည်...သို့သော် သူမ မှာ ကိစ္စရှိသဖြင့် အပြည့်အဝကြီး မပျော်အားသေး...
မနက်ရောက်တော့ လမ်းမှာ ကားစောင့်စီးရန် မှုံက လိုက်ပို့ပေးသည်...ပြီး သူမ နဲ့အတူ လားရှိုးပြန်တက်မည် စောင့်နေမည်တဲ့...သူ့မိဘတွေလဲ ကြည်ကြည်ဖြူ ဖြူ ပင်...
ဒီလို ခရီးမျိုး သူမ တစ်ယောက်တည်း တစ်ခါမှ မထွက်ဖူးပေ..
သူမရဲ့ နှလုံးသားရပ်ဝန်းမှာ မုန်တိုင်းငယ်တွေ ဖြစ်ပေါ်နေတော့ မနေသာတော့ပဲ မှုံကလေး အကြံပေးသလို တစ်ခါလောက်တော့ စွန့်စားကြည့်ရမည်လေ...
ဟိုရောက်လို့ မ ပုံစံ အခြေအနေမှန်လဲမသိ...ဖုန်းလဲ ဆက်သွယ်မရ...မ လိပ်စာသိရုံနဲ့ တန်းသွားလို့မရသေး..
မ လိုင်းတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ သူမလဲ မတက်ဖြစ်တော့...မန်းရောက်မှပဲ နောင်ခါလာနောင်ခါဈေး လုပ်မည်ဟု ခဲထားလိုက်ပြီး ကားစီးလာရတောင် စိတ်က တစ်ထင့်ထင့်...
မ နဲ့များ မဆုံရလျှင် ဆိုတဲ့ အတွေးရောက်တိုင်း စိတ်မချနိုင်...
ကားရပ်ပြီးချင်း ဘယ်သွားရမှန်းမသိ...လာမေးတဲ့ Taxi သမားကိုသာ စိတ်ကူးပေါက်ရာ ဟိုတယ် ပို့ခိုင်းတာ...ဟိုတယ်လ်ခ ကလဲ ဈေးကြီးသလား မမေးနဲ့..တစ်ယောက်ခန်းယူပြီး ပစ္စည်းတွေချ ခြေဆန့်လက်ဆန့်ပြီး ကိုယ် ချစ်ရတဲ့ မ ရဲ့ နေရာဋ္ဌာနေလေးရဲ့ အငွေ့အသက် ... ဆောင်းပေမယ့် ရှမ်းပြည်လောက်တော့ မအေး....
အဝတ်စားတော့မလဲဖြစ်ပဲ လိုင်းဖွင့်မိတော့ ထူးဆန်းစွာ မ က လိုင်းပေါ်မှာ...ဝမ်းသာအားရနဲ့ ဖုန်းခေါ်တော့ မကိုင် ...ထပ်ကာ ထပ်ကာ ခေါ်ကြည့်လဲ မကိုင်တော့ အလုပ်ထဲမှာလားဆိုပြီး သူမ တွေးလိုက်စဉ် မှုံ ဖုန်းဝင်လာသဖြင့် မှုံနဲ့ ဖုန်းပြောနေတာ မိနစ်နှစ်ဆယ်လောက် ကြာသွားသည်...လိုင်းပြန်တက်တော့ မ နဲ့ တိုးပြန်သည်...ဘယ်လိုဖြစ်ဖြစ် ဖုန်းနံပါတ် တောင်းထားလျှင်တော့ အဆက်အသွယ်မပြတ်နိုင်ဟု တွေးမိကာ နံပါတ်တောင်းလိုက်မိသည်...ထို့နည်းတူ မ ဆီမှလဲ သူမ နံပါတ်ကို တောင်းလာသည်...
ခုတော့ မ မကြာမီ ရောက်လာတော့မည်....
မ အပြင်မှာဆို ဘယ်လိုလေးနေမလဲ
ခရီးပန်းလာတဲ့ သူမရဲ့ ဂါနေချာနေတဲ့ ရုပ်ကိုများ လန့်သွားလေမလား...ဒီလာကာနားနီးမှ နဖူးထက်မှာ ဝက်ခြံက အရုပ်ဆိုးစွာ ထွက်နေသေးတာလေ...ဒီရက်ပိုင်းအစပ်အတော်များများ စားမိသွားတာကိုး...
ဝဲကျနေတဲ့ ဆံပင်အချို့ နဲ့ ဖုံးကွယ်ထားနေရသည်..
တစ်ပတ်စာ စကားမပြောရတဲ့ အချိန်တွင်း မ ကို မဆုံဖူးပါပဲနဲ့ အရမ်းချစ်ကြောင်း ဝေးကွာလေ ပိုသိရလေပင်...
မျှော်နေလို့လားမသိ...မ ကို စောင့်နေတာ လိုအပ်သည်ထက် ပိုကြာနေသလို...
ထိုအခိုက် လက်ထဲမှ ဖုန်း ထမြည်လာတော့သည်...
နံပါတ်က လောလောလတ်လတ် မှတ်ထားသော မ ရဲ့ နံပါတ်ကလေး...စိတ်လှုပ်ရှားစွာ ကိုင်လိုက်သည်..
"ဟလို မ"
"သဲ ဘယ်နားလဲ မ အောက်မှာ ရောက်နေပြီ "
"သဲက ဟိုတယ် အရှေ့ဆိုင်းဘုတ် နားမှာ ထိုင်စောင့်နေတာ"
"ဟုတ်လား မ ကအနောက်ပေါက်ကနေ လာတာ ခဏနော် အဲ့ဖက် မ လာခဲ့မယ်"
"ဟုတ်"
မ လာတော့မ.ယ်...မ ရောက်နေပြီ..
မ နဲ့ အပြင်မှာ မျက်ဝါးထင်ထင် စက္ကန့်ပိုင်းအတွင်း မြင်ရတော့မည် တဲ့လား..တွေးရင်း ခြေဖျား လက်ဖျားတွေ အေးစက် ..သွေးခုန်နှုန်း တွေလဲ တစ်ဒိတ်ဒိတ်နဲ့ ပြန်ကြားနေရသည်...လာပါပြီ သူမ ရှေ့တည့်တည့် မှာ အသားပျော့ ဘောင်းဘီရှည် အနက်ပြာရောင်လေးနဲ့ အပေါ်ထပ်အင်္ကျီ အနက်ရောင် အပါးလေးနဲ့ တွဲရက်. ...ပိတုန်းရောင်..ဆံပင် ရှည်ရှည်လေးတွေက လေတဖြူးဖြူး တိုက်ခတ်နေသည့်ကြားထဲ တစ်ဝဲဝဲ လွှင့်နေသည်...သူမ ထိုင်နေတဲ့ နေရာရဲ့ ခြေလှမ်း ငါးလှမ်းစာ လောက်မှာ ခြေစုံရပ်နေသည်..
သူမ ဖြည်းညင်းစွာ ထရပ်လိုက်သည်...
"သဲ ..."
မ ဖက်က သဲ ဆိုတာကို သေသေချာချာ ခေါ်လိုက်ပေမယ့် အသံထဲမှာ မဝံ့မရဲ အရိပ်တွေ ပါလာသေးသည်..သူမ ပြုံးပြရင်း
"ဟုတ်ကဲ့ မ"
တစ်ယောက်နဲ့တယောက် ခြေလှမ်းငါးလှမ်းစာ အကွာအဝေးခြားလျက် စိုက်ကြည့်နေကြသည်..