LIMN - 20

2.3K 425 113
                                    

ဦးခေါင်းထိပ်ဆီမှာအုပ်မိုးထားသည့် ထိုမကောင်းဆိုးဝါးကြီးရဲ့ လက်ကြီးကဆင့် မိမိရဲ့အသွေးအသားတွေပါသွားသည့်အလား Aiden တချက်ကလေးမှ မလှုပ်နိုင်တော့။ လည်ပင်းဆီမှ အကြွေစေ့လေးကလဲ ရုတ်တရက်လင်းလာခဲ့ပြီးနောက် ထိုအကောင်ကြီးရဲ့အားသည်လဲ အနည်းငယ်လျော့ကျသွားခဲ့သည်။သို့သော် ခဏမျှသာ။

မကောင်းဆိုးဝါးကြီးက လက်တဖက်နှင့်ဆောင့်ဆွဲဖြုတ်ချလိုက်ပြီး အသက်ရှုခက်နေသည့်ကြားထဲမှ သိလိုက်ရသလို ထိုအကြွေစေ့ကိုထိကိုင်လိုက်သည့် အကောင်ကြီးရဲ့လက်အသားများ လောင်ကျွမ်းသွားသည်ကိုလဲ မြင်ဖြစ်လိုက်သေးသည်။ ဒါကြောင့်သာပင် ထိုအကြွေစေ့လေးအသုံးပြု၍ အဖေကတိမ်းရှောင်ရန်ကြိုးစားလို့ရခဲ့ခြင်းပင်။

"Aiden!!"

မြင်ကွင်းအားလုံးပျောက်ကွယ်လုဆဲဆဲ အသိအာရုံက နားထဲတိုးဝင်လာသည့် အသံတစ်သံ​ကြောင့် ပြန်ကပ်လာခဲ့သလို ကျောပေးထားရာဘက်ဆီမှ တခုခုကအရှိန်ဖြင့် ပြေးလာနေသည်ကို ခံစားသိရှိနေသည်။ ထို့အတူပတ်ဝန်းကျင်တခုလုံး လင်းထင်းထွက်လာပြီးနောက် ကျွန်တော့်ခေါင်းကိုအုပ်ကိုင်ထားသည့် ထိုအကောင်ကြီးရဲ့လက်ဆီသို့ ပြေးဝင်လာသည့် မီးတွေတောက်လောင်နေသည့် သံကြိုးတခု...

ထိုသံကြိုးလက်မှာလာမပတ်နိုင်အောင် မကောင်းဆီးဝါးကြီးက ရှောင်တိမ်းလိုက်ပြီး အ​နောက်သို့ ​လေးငါးလှမ်း ပြန်ဆုတ်လိုက်စဉ်ခဏ သူ့လက်ကလွတ်သွားသည့်ကျွန်တော့်မှာ မြေကြီးပေါ်ဘုတ်ခနဲ၊ ရှုသွင်းရမည့်လေကိုတောင် ခက်ခက်ခဲခဲကြိုးစားရှုရင်း တဖက်ကတော့ ခပ်လှမ်းလှမ်းမှာ ပြုတ်ကျ​နေသည့် အကြွေစေ့ကြိုးလေးကို အရင်လှမ်း​ကောက်ယူကာ အမြန်ပြန်ဆွဲရသည်။ ဒါမှသာ မည်သည့်ဝိညာဉ်မှ ကျွန်​တော့်ကိုယ်ထဲ ဝင်ရောက်မ​နှောင့်ယှက်နိုင်မှာ​ကြောင့်ပင်။

သို့သော် လှမ်းမြင်နေရသည့် အဆိုးအကောင်းဝိဥာည်အကုန်လုံးက ကျွန်တော်ရှိနေရာသို့ လာဖို့မဆိုထားဘိ ​ကြောက်စရာတခုခုကို ​တွေ့ရှိထားသည့်အလား နီးစပ်ရာအကွယ်တွေနောက် ဝင်ပုန်းအောင်းကာ အချို့ဆို ကျွန်တော်ရှိနေရာကို ရဲရဲပင်မကြည့်ဝံ့။ ထို့ကြောင့် အနောက်သို့လှည့်ကြည့်လိုက်သည့်အခါတွင်တော့ ခုနကကြားလိုက်ရသည့် ​ခေါ်သံပိုင်ရှင်မှာ အလွန်တောက်လွန်းသည့် မီးလျှံ့​တွေက တကိုယ်လုံး​တောက်​လောင်​နေရုံမက အလျှံငြီးငြီးမီးတောက်တွေ ဖြတ်ပြေးနေသည့် သံကြိုးတခုကိုကိုင်ဆောင်ထားကာ ကျွန်တော်ရှိနေရာသို့ တချက်လှည့်ကြည့်လာသည်။

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now