ခန္ဓာကိုယ်အနှံ့မီးတွေအပြည့်ဖြစ်နေသော သူ၊ ကျောဘက်ထိအောင်ဖောက်ဝင်လာသည့် ဒဏ်ရာတခုရရှိသွားသည့်အခါ ရန်ပြုသူကိုအကြမ်းတမ်းဆုံးတုံ့ပြန်ခဲ့ပေမယ့် စက္ကန့်တချို့အတွင်းမှာပင် အားအင်တွေဆုတ်ယုတ်သွားသည့်ပမာ ပြောင်းလဲလို့လာခဲ့သည်။ အရိုးခေါင်းမှသည် သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာအဖြစ်၊ အလျှံငြီးငြီးတောက်လောင်နေသည့်သံကြိုးက ရေနဲ့ဖျန်းလိုက်သည့်အလား ငြိမ်းကျသွားကာ ဘာမှအသုံးမဝင်တော့သည့် ကြိုးတစ်ကြိုးအဖြစ်၊ မီးတွေဖုံးလွှမ်းထားသည့် ခန္ဓာကိုယ်က သွေးချင်းချင်းရဲနေသော ခန္ဓာကိုယ်အဖြစ် လျှင်မြန်စွာပြောင်းလဲသွားခဲ့သည်။
သို့သော် အားအင်ယဲ့ယဲ့မျှကျန်နေသေးသည့် Luca က အကောင်ကြီးအရှေ့မှာတော့ ရှိသမျှအားအကုန်ထုတ်သုံး၍ လဲမသွားစေရန်ကြိုးစားနေရှာသည်။ ရုတ်တရက်ကြီး မျက်လုံးနှစ်ဖက်နှင့်လက်တဖက်ဆုံးရှုံးသွားသည့်အကောင်ကြီးမှာလဲ အသံနက်ကြီးနဲ့အော်ဟစ်ကာ ပတ်ပတ်လည်အနှံ့လိုက်ယမ်းနေခဲ့ပြီးနောက်...
"Aiden မင်းငါ့ကိုလာရှာရမယ့်နေ့ရောက်လာလိမ့်မယ်။ ဒီနေရာမှာငါရှိနေမယ်..."
ဟုဆိုကာ မမြင်မစမ်းဖြင့်အကုန်ဝင်တိုက်ကာ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ မြင်ကွင်းမှပျောက်သွားသည်နှင့်တပြိုင်နက် ပြိုလဲလာသည့်Luca ကို လှမ်းဆွဲလိုက်သော်ငြား မမိလိုက်တော့ မြေကြီးပေါ်ပစ်ကျသွားသည်။ တချက်ကလေးမျှမလှုပ်တော့သည့် Luca ကို ကြောက်လန့်တကြားဖြင့် အမြန်ပွေ့ယူ၍...
"Luca?....Luca ကျွန်တော်ခေါ်တာ ကြားရဲ့လားဟင်"
အမည်ကိုဆက်တိုက်ခေါ်ပါသော်လည်း ပျော့ခွေအေးစက်နေသည့် သူ့ခန္ဓာကိုယ်အထိအတွေ့၊ သွေးစီးကြောင်းတွေစီးကျနေဆဲ ဒဏ်ရာ၊ ထို့အတူ ပြာနှမ်းကာ ခပ်ဟဟလေးပွင့်နေသည့် နှုတ်ခမ်းတစ်စုံက အသက်ကိုရှိုက်ကာရှိုက်ကာ ကြိုးစားရှူနေရသည်။ သွေးမှကျန်သေးရဲ့လားဟုထင်ရလောက်အောင် ဖြူဆုတ်နေသည့် မျက်နှာထက်မှာလဲ အရင်လို အမြဲတမ်းကြည်လင်ကာပြုံးလဲ့နေတတ်သည့် မျက်လုံးတစုံမရှိတော့၊ အပေါ်သို့သာစိုက်ကြည့်နေကာ အသက်ကင်းမဲ့နေသည့် မျက်လုံးတစ်စုံအဖြစ်ပြောင်းလဲသွားခဲ့ပြီ။
ESTÁS LEYENDO
ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ
No FicciónStory Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 2021 End Date - 27 Jan 2022 Demon တွေ၊ Supernatural type တွေကို သဘောကျတတ်သူဆိုရင် သဘောကျမယ်လို့ မျှော်လ...