ခြေရင်းမှာပုံထားသည့် အဝတ်ပေါ် ရေစိုသွားအောင် လောင်းချလိုက်ပြီးနောက် ဆပ်ပြာအနည်းငယ်ယူကာ လက်သေးသေးလေးများဖြင့် ဆုပ်နယ်နေသည့် ၈ နှစ်အရွယ်ကလေးငယ်လေးက ဂေဟာအပြင်ဘက်မှဆူညံသံကြောင့် ပြတင်းပေါက်လေးမှတဆင့် မမှီမကမ်းဖြင့် လှမ်းကြည့်လိုက်သည်။
ဂေဟာမှလူကြီးထဲမှ တစ်ယောက်က မေ့မျောနေသည့် ကလေးတစ်ယောက်ကိုပွေ့ချီလာကာ ဝင်လာခဲ့ခြင်းပင်၊ ကြာကြာတော့မကြည့်အား တကိုယ်ရေအဝတ်တော့ပြီးအောင်လျှော်ရမှာမို့ အာရုံလွှဲခဲ့ပြီး လျှော်ပြီးသည့်တိုင်အောင် ကိုယ့်အာရုံနဲ့ကိုယ်မို့ ခုနမြင်ထားသည့် မြင်ကွင်းကိုလဲမေ့ပျောက်သွားခဲ့သည်။
မိမိနဲ့ရွယ်တူတွေ၊ မတိမ်းမယိမ်းတွေနှင့် မိမိထက်အရွယ်ရောက်နှင့်နေပြီးသော ကလေးငယ်များ စုစုပေါင်း ၅၀ထက်မနည်းသည့် သူများက ဟောခန်းလေးထဲ အတုံးအရုံးအိပ်စက်နေကြပြီမို့ ထိုကလေးငယ်မှာလဲ သတ်မှတ်ထားရာနေရာလေးမှာ အသာဝင်လှဲ၍ အိပ်ရာဝင်ခဲ့သည်။ နောက်တစ်နေ့မနက် မနက်စာစာရမည့်နေရာဆီရောက်လာချိန်မှာတော့ မိမိရဲ့ရှေ့တဖက်ခြမ်းထိုင်ခုံမှာ ဘယ်တုန်းကမှမမြင်ဖူးသည့် မျက်နှာစိမ်းကလေးငယ်တစ်ဦး ရှိနှင့်နေသည်။
မိမိထက် အသက်အနည်းငယ် ကြီးနေဟန်ရှိပေမယ့် လူကြောက်နေဟန်တူသည်။ ဘယ်သူနဲ့မှရင်ဆိုင်မကြည့် မဝံ့ရဲသောမျက်လုံးအစုံက နွားနို့ပျစ်ပျစ်တခွက်နဲ့ အိစက်နေသည့်ပေါင်မုန့်ကိုတော့ အရောင်လက်လက်နဲ့ တမက်တမောစိုက်ကြည့်နေရှာသည်။ မစားခင်ဆုတောင်းရသည့်အချိန်မှာလဲ ဆုတောင်းရမည့်အစား မုန့်ကိုသာစူးစိုက်ကြည့်နေခဲ့ပြီး စားဖို့အချက်ပြသည်နှင့် စက္ကန့်ပိုင်းအတွင်း နွားနို့ကို တကျိုက်တည်းနှင့်သောက်ကာ ပေါင်မုန့်ကို ပါးစပ်ထဲအတင်းထိုးထည့်လိုက်သည့် မျက်နှာစိမ်းကလေးငယ်ရဲ့ အပြုအမူကို အံ့သြစွာငေးကြည့်နေခဲ့သည့် ထိုကလေးငယ်လေး...
ခဏအကြာမှာတော့ မိမိကိုက်လက်စဘက်မှ မဟုတ်သည့် တဖက်ခြမ်းမှ တဝက်ကိုချိုးယူလိုက်ကာ မျက်နှာစိမ်းကလေးငယ်ကိုလှမ်းပေးလိုက်သည်။
![](https://img.wattpad.com/cover/283372608-288-k368917.jpg)
YOU ARE READING
ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ
Non-FictionStory Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 2021 End Date - 27 Jan 2022 Demon တွေ၊ Supernatural type တွေကို သဘောကျတတ်သူဆိုရင် သဘောကျမယ်လို့ မျှော်လ...