(Zawgyi Version)
အပြင်ထွက်ရန် ဆန္ဒရှိနေသော ပိုင်ကျင်းကြောင့် မစ္စရန်ရော G1 က သွားချင်သည့်ဦးလေးလုန်ဆီသို့ လိုက်ပို့ပေးရသည်။ကားက ဆိုင်ရှေ့ရောက်သွားတော့ ပိုင်ကျင်းက အပြင်ဘက်ကို လှမ်းကြည့်သည်။ ဆိုင်ရှေ့ကို မှန်များကာထားသောကြောင့် အထဲရှိ စိမ်းစိုနေသော သစ်ပင်လေးများကို မြင်နေရသည်။
ကားတံခါးဖွင့်ပြီးနောက် မစ္စရန်က ဝှီးချဲကို အပြင်ထုတ်ပေးကာ ပိုင်ကျင်းက ဝှီးချဲပေါ်ပြောင်းထိုင်သည်။
ထို့နောက် G1 က ရောက်လာပြီး ဝှီးချဲကို တွန်း၍ ဆိုင်ထဲသို့ဝင်လာလိုက်သည်။
"ကြိုဆိုပါတယ်ရှင်!"
တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် မိန်းကလေးတစ်ယောက်၏ စကားသံကထွက်ပေါ်လာသည်။ထိုမိန်းကလေးက ပိုင်ကျင်းကိုမြင်သည်နှင့် တရိုတသေနှုတ်ဆက်ကာ
"သူဌေးလုန်ဆီကိုလာတာများလား ကျင်းသခင်လေး"
"အင်း သူရှိလား ?"
"ရှိပါတယ် ၊ ခဏစောင့်ပေးပါနော် ၊ ကျွန်မသွားခေါ်ပေးမယ်"
"အင်း"
G1 က ပိုင်ကျင်းကို လေကောင်းလေသန့်ရမည့်နေရာကို ခေါ်သွားကာ နေစေသည်။ ဆိုင်ထဲတွင် စုံလင်လှသော ပန်းမျိုးစေ့များ ၊ ပန်းအိုးသေးသေးလေးများ သစ်ရွက်လေးများကိုကြည့်ပြီး ပိုင်ကျင်းအနည်းငယ် လန်းဆန်းသွားသလိုခံစားရသည်။
မစ္စရန်က ဆိုင်ထဲရှိ သစ်ပင်ပေါက်လေးများကိုကြည့်ပြီး
"အရင်တစ်ခေါက်ကထက်တောင်ပိုများလာတယ်၊မစ္စတာလုန်တို့ကတော့ စီးပွားရေးတိုးချဲ့တော့မယ်ထင်တယ်"
ပိုင်ကျင်းက ခေါင်းညိတ်ပြီး
"ဘာပဲဖြစ်ဖြစ် သူ့အလုပ်က စိတ်ချမ်းသာစရာကောင်းတယ် ၊ အပူအပင်လဲမရှိဘူး"
ထိုစဉ် နောက်ဘက်မှ အမျိုးသားတစ်ယောက်၏ အသံကထွက်ပေါ်လာသည်။
"ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင် ပူပင်စရာကရှားပါတယ် ၊ ဝါသနာပါတာကို လုပ်ရတော့ စိတ်ချမ်းသာပြီးအေးချမ်းနေတာ စိတ်ပျော်တာပေါ့"
