9

5.4K 671 21
                                    

(Zawgyi Version)
  
ပိုင်ကျင်း၏ အခြေအနေကို ရိပ်စားမိသည်နှင့် မစ္စရန်က G1 ကို ခေါ်တွေ့တော့သည်။

သူမက G1 ၏ တည်ငြိမ်နေသော အမူအရာကိုကြည့်ပြီး အနည်းငယ် အားမလိုအားမရဖြစ်လာသည်။

" G1 ငါ မင်းကို အကူအညီတောင်းစရာဆိုတာထက် အရေးကြီးတဲ့ ခိုင်းစရာရှိတယ်"

G1 က ခေါင်းညိတ်သည်။သူက ခန္ဓာကိုယ်ကို တောင့်မတ်နေအောင်ထိုင်နေပြီး မစ္စရန်၏ စကားကိုလည်း အလေးအနက်ထားကာ နားထောင်နေမှန်းသိသာလှသည်။

မဲနက်ဖြောင့်စင်းနေသည့် မျက်ခုံးနှစ်ဖက်က ထင်းနေကာ စိတ်ဝင်တစား အလေးထားနေသည့် မျက်ဝန်းများကလည်း တည်ငြိမ်သလိုလိုနှင့် စူးရဲလှသည်။

သူမက ခေါင်းညိတ်ပြီး စားပွဲပေါ်တွင်လက်တင်ထားကာ

" သခင်လေးက အရင်ရက်တုန်းက အစာသိပ်မစားတာ မင်းသိတယ်မလား "

"သိပါတယ် အခုသူတစ်ခုခုဖြစ်နေလို့လား"

စိတ်ပူစွာ မေးလာသည့် G1 ကြောင့် သူမက ကျေနပ်သွားသည်။ G1 ကအရမ်းကြီးဂရုတစိုက်မပြုမူပေမဲ့လည်း ပိုင်ကျင်းကို အရမ်းအလေးထားမှန်းသိသာသည်။

ဟိုအရင်ကတည်းက ပိုင်ကျင်းတစ်ခုခုလိုအပ်တိုင်း မငြီးမငြူ၊ချက်ချင်းလုပ်ပေးတတ်သလို ပိုင်ကျင်း၏ အမိန့်ကိုလည်း မြေဝယ်မကျနားထောင်တတ်သည်။

ပိုင်ကျင်း၏ အသက်ကိုလည်းသူ၏ အသက်ထက်ပင် အလေးထားကာ အန္တရာယ်ကြားထဲကနေ မကြာခဏ ကယ်ထုတ်လာပေးတတ်သည်ကို သူမတွေ့မြင်ခဲ့ပြီးဖြစ်၏။

ထို့ကြောင့် ပိုင်ကျင်းအပေါ်ထားရှိသော G1 ၏ စိတ်ကို သူမယုံကြည်သည်။G1 တွင် ပိုင်ကျင်းအတွက်သီးသန့်ခံစားချက်ရှိနေမည်ဟု ယုံကြည်သည်။

စိုးရိမ်စွာမေးလာသည့် G1 ကိုကြည့်ပြီးနောက် သူမက အေးဆေးတည်ငြိမ်စွာ ခေါင်းခါလျက်

"အေးအေးဆေးဆေးနေပါဦး ၊ ငါပြောတာကို သေချာနားထောင်ပါဦး ၊ မင်းက သိပ်စိတ်ပူတတ်တာပဲ"

"သခင်လေးကို စောင့်ရှောက်ပေးရမှာ ကျွန်တော့်တာဝန်ပါ ၊ မစ္စရန်မှာ တာဝန်ရှိသလို ကျွန်တော့်မှာလဲ မလျော့တဲ့တာဝန်ရှိပါတယ်၊သူတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာပါ"

GRAYWhere stories live. Discover now