22

7.6K 844 27
                                    

(Zawgyi Version)
  
တစ်နေ့ထက်တစ်နေ့ နေရတာ ပိုပြီးအဆင်ပြေလာသည်။ပိုင်ကျင်းမှာ ကလေးတွေကိုထိန်းလိုက် G1 နှင့်အတူ ထိုင်နေလိုက်သာလုပ်နေတတ်ပြီး တစ်ခါတရံတစ်ယောက်တည်းလည်းအတွေးများတတ်သေးသည်။

တစ်အိမ်လုံးမှာလည်း လူသားဆိုလို့ သူတစ်ယောက်တည်း။

စကားသာပြောနေပေမဲ့ တစ်ယောက်မှလည်းပြန်မပြောကြ။ တစ်ခါတရံ ကိုယ့်ဘာကိုယ်အရူးကြီးလို့တောင်ခံစားလာရသည်။

ပိုင်ကျင်းက ကလေးတွေကို အရမ်းဂရုစိုက်သည်။ သူစိမ်းနေရာမှာနေရတာဖြစ်တာမို့ ကလေးတွေအနေမစိမ်းစေရန် ၊ လွတ်လွတ်လပ်လပ်နေတတ်စေရန် ဘေးနားကနေ ဖေးမကူညီပြီး လူစကားကိုနားလည်စေရန်လည်း စကားတွေအများကြီးပြောပေးတတ်၏။

ထိုအခါမျိုးမှာဆို G1က ဘေးနားကနေဝပ်ကာ ပိုင်ကျင်းကိုငေးကြည့်တတ်သည်။ ကလေးထိန်းနေသည့် ပိုင်ကျင်းအား ငေးမောကြည့်တတ်ပြီး တစ်ခါတရံလူမိသွားသည့်အခါမှာတော့ အကြည့်လွှဲကာ အသံသြသြကြီးကိုလည်း ထုတ်တတ်သေးသည်။

"ရွယ်ချန်"

လှည့်မကြည့်ဘဲ နားရွက်တစ်ဖက်ကတော့ လှုပ်သွားသည်။ အမြဲတမ်း G1 ဟုသာခေါ်လာပြီး ဘယ်တုန်းကမှ နာမည်အရင်းကို သူမခေါ်ခဲ့။ သူတို့၂ယောက်စတွေ့ကတည်းက G1 ဟုသာ ခေါ်ခဲ့သည်မို့ နာမည်ရင်းက ပျောက်ကွယ်လုတောင်ဖြစ်ခဲ့၏။

ပိုင်ကျင်းဘက်ကလည်း နာမည်အရင်းကိုမခေါ်ဖူးသလို G1 ဘက်ကလည်း သူ၏ နာမည်ရင်းကိုထုတ်မပြောဖူး။ ဒါတောင် နောက်ပိုင်းမှ တစ်ယောက်နှင့်တစ်ယောက်စကားစပ်မိရင်း သိလာခြင်း။

တကယ်ဆို G1 ဆိုသည့်နာမည်ကြီးကလည်း နာမည်မှမဟုတ်ဘဲ။ပိုင်အိမ်တော်ကနေ အဆင့်သတ်မှတ်ချက်နှင့်ပေးထားသော နာမည်များပင်ဖြစ်၏။ ထိုနာမည်ကိုပဲ ခေါ်နေကျလို့ပဲလားမသိ။G1 က နာမည်ရင်းကိုခေါ်လိုက်လျှင် ရှက်ကိုးရှက်ကန်းပြုမူတတ်သည်။

သို့သော်လည်း ပိုင်ကျင်းကတော့ တောထဲစရောက်ကတည်းက G1 ဟု မခေါ်ဘဲ ရွယ်ချန်ဟုသော နာမည်ရင်းကိုသာ အမြဲတမ်းခေါ်ခဲ့၏။

"ငါမင်းရဲ့နာမည်ရင်းကိုခေါ်တာကို သဘောမကျဘူးလား"

အနားကိုသွားကာ ဘေးနားထိုင်ပြီး ကြီးမားသော ဝံပုလွေကြီးကိုလှည့်ကြည့်လိုက်တော့ သူက ရှေ့ကိုသာခပ်တည်တည်ကြည့်နေသည်။ G1 ၏ ပုံစံက နည်းနည်းတော့ရယ်ချင်စရာကောင်းသည်။အမြဲတမ်း အနက်ရောင်ဝတ်စုံကြီးဝတ်ပြီး တည်ကြည်ခံ့ညားနေသော ကိုယ်ရံတော်ကြီးက အခုတော့အဝတ်တောင်မဝတ်ရသည့်ဝံပုလွေဘဝကိုရောက်နေတော့ ပိုင်ကျင်းမှာ မထိန်းနိုင်စွာအသံထွက်ပြီးရယ်လိုက်မိတော့၏။

GRAYWhere stories live. Discover now