(Zawgyi Version)
ခုတင်ပေါ်လဲလျောင်းကာ ငြိမ်သက်နေသည့် မစ္စရန်အနားသွားရင်း ပိုင်ကျင်းစိတ်မကောင်းဖြစ်ရသည်။ သူ့အသက်ကိုကယ်ရင်းဖြစ်သွားတာကြောင့်လည်း အားနာစိတ်က တိုးရသည်။သို့ရာတွင် ငြိမ်သက်နေသည့်သူမမျက်လုံးတွေက ဖွင့်နေပြီး ပိုင်ကျင်းကိုစိုက်ကြည့်နေသည့်အတွက်ကြောင့် အားတင်းကာ ခပ်ဖွဖွပြုံးမိသည်။"ကျွန်တော်အဆင်ပြေတယ်၊မစ္စရန်သာ သက်သာအောင်နေပါ"
အာရုံကြောထိသွားသည့် သူမက စကားမပြောနိုင်တော့သည့်အတွက် ပိုင်ကျင်းစိတ်မကောင်းဖြစ်မိတာလည်း အကြိမ်ကြိမ်။ ယာယီချို့ယွင်းချကာသာဖြစ်ပါစေ ဆုတောင်းရင်း သူမအနားတွင်သာ နေဖြစ်သည်။
"ခင်ဗျားပေးတဲ့အသက်က တန်ဖိုးကြီးပါတယ်။ကလေးတွေလဲ ကောင်းကောင်းမွေးလာနိုင်ပြီး ကျန်းကျန်းမာမာရှိတယ်လေ"
အခုထိ သူမကို တခြားကိစ္စများအား မပြောရသေး။ ပိုင်ကျင်းကြုံခဲ့ရသော အဖြစ်အပျက်တွေ၊ဝံပုလွေလေးများမွေးလာသည့်ကိစ္စအပြင် G1 ကိစ္စကိုလည်း မပြောရသေး။သူမကို လာကြည့်တိုင်းလည်း ကလေးတွေကိုခေါ်မလာတာမို့ သူမက ဘာမှမသိသေး။
သို့ရာတွင် မစ္စရန်က ထိုကိစ္စများအားသိချင်ပုံရသည်။ စကားသံထွက်မလာသော်လည်း မျက်လုံးများက ပိုင်ကျင်းကိုစိတ်ပူနေမှန်းသိသာလှ၏။
"နေကောင်းအောင်အရင်လုပ်ပါ ။ နောက်တော့မှအေးအေးဆေးဆေးပြောကြတာပေါ့"
ပတ်တီးဖြင့်စည်းနှောင်ထားခြင်းခံရသော မစ္စရန်၏ လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း သူနှစ်သိမ့်ပေးမိ၏။
"ခင်ဗျားရဲ့အကူအညီတွေ အားပေးစကားတွေကိုလဲ လိုအပ်တာမို့ မြန်မြန်နေကောင်းလာအောင်သာ ကြိုးစား"
သူ၏ နှုတ်ခမ်းက အနည်းငယ်ကော့ညွှတ်သွားပြီး ဦးခေါင်းကိုဖြည်းညင်းစွာ ညိတ်ပြသည်။ခေတ္တကြာအောင် သူမနှင့်အတူနေပေးရင်း အခန်းထဲဝင်လာသော လူတစ်ယောက်ကြောင့် ပိုင်ကျင်းက လှည့်ကြည့်ကာ
"ဘာဖြစ်လို့လဲ"
ထိုလူက သက်ပြင်းဖွဖွချကာ မစ္စရန်ကို တစ်ချက်ကြည့်၏။ မပြောသေးဘဲ ငြိမ်သက်နေသာ လူက ထိုကိစ္စကို မစ္စရန်အား မသိစေချင်သေးမှန်းသိသာသော်လည်း ပိုင်ကျင်းက သည်းမခံနိုင်။