(Zawgyi Version)
အိမ်ထဲသို့ရောက်သည့်တိုင် G1 က ခြင်းတောင်းထဲတွင်ငြိမ်သက်နေသည့် ကလေးတွေကိုသာငေးကြည့်နေသည်။သူက ဗိုက်ဆာတယ်လည်းမပြော ၊ ရေချိုးချင်တယ်လည်းမပြောဘဲ မတ်တတ်ရပ်လျက် ကလေးတွေကိုသာငေးကြည့်နေပြီး ငြိမ်သက်နေသည်။ ချီကြည့်တာလည်းမဟုတ် ၊ ကိုင်ကြည့်တာလည်းမဟုတ်ဘဲ လှလှပပအရုပ်လေးတစ်ရုပ်အားငေးမောနေသည့် ကလေးတစ်ယောက်လိုပြုမူနေတော့ ပိုင်ကျင်းမှာခေါင်းခါရင်း တန်းပေါ်တင်ထားသည့် တဘတ်တစ်ထည်ကိုဆွဲယူပြီး ပစ်ပေးလိုက်တော့သည်။"ဘေးခန်းမှာရေချိုးလိုက် ၊ ပြီးမှကလေးတွေကိုချီ ..... ညစ်ညစ်ပတ်ပတ်နဲ့တော့ ကလေးတွေကို မချီနဲ့နော် သူတို့ကိုရေချိုးပေးရတာမလွယ်ဘူး"
ပိုင်ကျင်းက ပြောတော့ သူက တဘတ်ကိုယူပြီး ဘေးခန်းသို့ဝင်ကာ ရေချိုးသည်။ ရေချိုးခန်းက အရမ်းမကြီးဘဲ ရေဇလားလေးနှင့်တော့သပ်သပ်ရပ်ရပ်ရှိပြီး အဆင်ပြေတာမို့ ဝတ်ထားသည့်အဝတ်အစားအကုန်ချွတ်ပြီး တစ်ကိုယ်လုံးကိုသန့်ရှင်းရေးလုပ်ရသည်။
တောထဲမှာ ပင်ပင်ပန်းပန်းနေခဲ့ရပြီး အစားအသောက်ကလည်း အဆင်မပြေ။ ထို့အပြင်ရေချိုးပြီးအဝတ်လဲစရာလည်းမရှိ။ ရုံယွီလေ့ကျင့်ပေးသည်ကလည်း သေလုအောင်ပင်ပန်းသလို နာကျင်ရတာကြောင့် သူ့တစ်ကိုယ်လုံးက နုန်းခွေနေကာ ငြီးစိစိဖြစ်နေပြီးနေလို့ပင်မကောင်း။ ရေအေးအေးကို ခေါင်းပေါ်ကနေလောင်းချပြီး အချိန်ကြာကြာချိုးလိုက်မှပဲ လန်းဆန်းသွားပြီး နောက်ကျိနေသည့်ခေါင်းကလည်း ကြည်လင်ကာ ခံစားချက်ကလည်း ပိုမိုကောင်းမွန်သွားသည်။
ပိုင်ကျင်းပေးသည့်တဘတ်ကိုခါးမှာပတ်ပြီးအပြင်ထွက်လာတော့ ထိုင်ခုံပေါ်တွင်တင်ထားသည့်ခပ်ကြီးကြီးအဝတ်အစားကိုမြင်လိုက်ရသည်။အခန်းထဲဝေ့ဝိုက်ကြည့်တော့ ပစ္စည်းတွေက အစစအရာရာသေသေသပ်သပ်ဖြစ်ကာ ရှင်းလင်းနေတာမို့ ပိုင်ကျင်းကဒီမှာနေရတာအဆင်ပြေမှန်းသိလိုက်သည်။ G1 မှာ စိတ်ချမ်းသာသွားရင်း အဝတ်အစားကိုခပ်မြန်မြန်ဝတ်ပြီး အပြင်ထွက်ခဲ့တော့ ပိုင်ကျင်းက ကလေးတွေကိုနို့တိုက်ရန်အတွက် ဗူးလေးတွေကိုင်ထားသည်ကို မြင်လိုက်ရသည်မို့ အလိုက်သိလှသည့် G1 မှာ ခပ်သွက်သွက်သွားရင်း အကူအညီပေးလိုက်တော့သည်။