Chapter(7)

1.2K 122 7
                                    

Unicode Version

                     
    
        "ဟေ့ကောင်ဖိုးသစ် ကျောင်းသွားမယ်ဟေ့"

        မနက်ရှစ်နာရီပဲရှိသေးတယ် အိမ်ရှေ့ကနေကျောင်းသွားဖို့လာခေါ်တဲ့ ဓနရဲ့အသံကြောင့် မီးဖိုချောင်ထဲမှာထမင်းချိုင့်ပြင်နေတာကိုထားခဲ့ပြီး ကျွန်တော်အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။အိမ်ရှေ့ကိုရောက်တော့ သကြားပင်အောက်ကခုံပေါ်မှာ ပက်လက်လှန်ပြီးလှဲနေတဲ့ဓနကိုတွေ့လိုက်ရတဲ့အတွက် ဓနဆီကိုကျွန်တော်လှမ်းသွားလိုက်တယ်။

        "ထူးထူးခြားခြား ကာလနဂါးကအစောကြီးထပြီး ငါ့ကိုကျောင်းသွားဖို့လာခေါ်နေပါလား ၊ မင်းဓနအေးမှ ဟုတ်ရဲ့လားကွ...ဟမ်"

        "အိမ်မှာငါ့အမေနဲ့ကွိုင်လာလို့ စောစောထွက်လာလိုက်တာ မနက်စာတောင်စားမလာခဲ့ရဘူး"

        ကျွန်တော့်အပြောကို ဓနကမျက်စောင်းထိုးပြီးပြန်ပြောလာတယ်။

        "မင်းနဲ့မင်းအမေကလည်း ရန်ဖြစ်ဖို့အတွက်များမွေးဖွားလာသလားမှတ်ရတယ်နော် ...အားနေရန်ပဲဖြစ်နေကြတော့တာပဲ ၊ မင်းမနက်စာမစားခဲ့ရဘူးဆိုရင် ငါ့အိမ်မှာစားသွားလေကွာ ...ငါ့အိမ်ကမနက်စာက ထမင်းကြော်ဆိုတော့ မင်းအိမ်လောက်တော့မကောင်းဘူးပေါ့ကွာ"

        "မစားတော့ပါဘူးဖိုးသစ်ရာ ကိုးလမ်းထိပ်ကမုန့်ဟင်းခါးဆိုင်ကျမှပဲ မုန့်ဟင်းခါးဝယ်စားတော့မယ် ...မင်းလည်းမနက်စာမစားရသေးရင် ငါနဲ့အတူတူမုန့်ဟင်းခါးပဲလိုက်စားလိုက်တော့ကွာ...နော်"

        "အေး...ပြီးရောကွာ ၊ မင်းငါ့ကိုတော့ ခဏစောင့်ဦးဓနရ ...ငါကျောင်းဝတ်စုံလဲလိုက်ဦးမယ်"

        ကျွန်တော်ကဓနကို အိမ်ရှေ့ကသကြားသီးပင်အောက်ကခုံမှာ စောင့်ခိုင်းပြီး အိမ်ပေါ်ကိုတက်ကာ ကျောင်းဝတ်စုံကိုအမြန်လဲဝတ်လိုက်တယ်။ ပြီးတော့လွယ်အိတ်ကိုလွယ် ၊ မီးဖိုချောင်ထဲကထမင်းချိုင့်ကိုယူပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။

        "သွားကြစို့"

        ကျွန်တော်ကထိုင်နေတဲ့ဓနကို တစ်ချက်ပြောလိုက်ပြီး အရှေ့ကနေဦးဆောင်ပြီးထွက်လာခဲ့လိုက်တယ်။

"Falling"Where stories live. Discover now