Chapter (23)

1.4K 101 6
                                    

Unicode Version

"ရှေ့မှတ်တိုင်ပါမယ်ဆရာရေ"

ကားစပယ်ယာရဲ့ကျယ်လောင်တဲ့အသံအဆုံးမှာ ကျွန်တော်ဆင်းရမယ့်မှတ်တိုင်ရောက်တော့မှာမို့ ဆင်းမယ့်အပေါက်နားကိုလျှောက်လာကာရပ်နေလိုက်တယ်။ ရန်ကုန်မြို့မှာ ဘက်စ်ကားစီးရတာလည်း မလွယ်လှပါ။ အခုလိုရုံးဆင်းချိန်တွေဆိုရင် အမြဲလူတွေကျပ်နေတာမို့ ရှိစုမဲ့စုလေးကိုခါးပိုက်နိူက်သွားမှာလည်းကြောက်ရသေးတယ်လေ။ အခြားလူတွေရဲ့ရုံးဆင်းချိန်က ကျွန်တော့်အတွက်တော့ အလုပ်လုပ်ဖို့အိမ်ကနေထွက်လာတဲ့အချိန်ဖြစ်နေခဲ့ပါတယ်။ ညဘက်မှလုပ်စားရတဲ့ကျွန်တော်တို့လိုလူတွေရဲ့ဘဝက လူတစ်ချို့ခေါ်သလို ညဘက်မှထွက်တဲ့ညငှက်လေးတွေပေါ့ဗျာ။

"ကျွီ"

မှတ်တိုင်ရောက်လို့ကားရပ်လိုက်တယ်ဆိုရင်ပဲ ကားပေါ်ကနေဆင်းကာ ကျွန်တော့်ရဲ့စားကျက်နေရာဖြစ်တဲ့ သိမ်ကြီးဈေးဂုံးတံတားဆီကို လမ်းလျှောက်လာခဲ့လိုက်တယ်။ အချိန်ကညနေခြောက်နာရီထိုးခါနီးမို့ မှောင်ဖို့လိုသေးပေမယ့် ဒီအချိန်လောက်တံတားပေါ်ကိုကြိုရောက်နေမှဖြစ်မှာလေ။ အချို့ဖောက်သည်တွေက စောစောလေးလာရှာပြီးအဆင်ပြေရင်ခေါ်တတ်တာမို့ လက်မလွတ်ရအောင်စောစောလာစောင့်နေကြရပါတယ်။

"ငါရောက်တုန်းကမင်းကိုမတွေ့လို့ အလုပ်ရသွားပြီတောင်ထင်နေတာ စိမ်း"

တံတားပေါ်ကိုတက်တက်ချင်းမှာပဲ သူငယ်ချင်းဖြိုးပိုင်က ကျွန်တော့်ဆီလှမ်းလာရင်းပြောတာကြောင့် ကျွန်တော်အရင်ဆုံးပြုံးပြလိုက်တယ်။ ဖြိုးပိုင်ဆိုတာ ဒီလောကထဲကိုကျွန်တော့်နောက်မှရောက်လာတဲ့လူဖြစ်ပေမယ့် စိတ်ထားလေးကကောင်းပြီး ကူညီတတ်တဲ့လူတစ်ယောက်မို့ ကျွန်တော်ကအခြားလူတွေထက်အခင်မင်ပိုခဲ့ရတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။

ဖြိုးပိုင်ရဲ့ဘဝကလည်း သနားဖို့တော့ကောင်းသား။ နယ်ဘက်ကနေ ရန်ကုန်ကိုသင်တန်းလာတက်နေရင်း အမေဖြစ်သူအရေးပေါ်ခွဲစိတ်ဖို့အတွက်ငွေလိုတာကြောင့် ဒီဘဝထဲကိုရောက်လာခဲ့တဲ့လူတစ်ယောက်။ သူ့အမေခွဲစိတ်မူ့ပြီးသွားတာတောင် ဆက်ပြီးကုန်ကျမယ့်ဆေးဖိုးဝါးခတွေနဲ့ သူ့တက်နေတဲ့သင်တန်းစရိတ်တွေကြောင့် ဒီဘဝကနေရူန်းမထွက်နိုင်ဖြစ်နေရတာ။ အမေတစ်ခုသားတစ်ခုဘဝမှာ နယ်ကအမေ့ကိုစောင့်ရှောက်ပေးဖို့အတွက် ဆွေမျိုးမကင်းတဲ့လူတစ်ယောက်ကိုပိုက်ဆံပေးပြီး သူ့အမေဘေးမှာပြုစုခိုင်းထားကာ သူကတော့ဒီကနေလစဉ်လတိုင်းငွေရှာကာ ပို့ပေးနေရတဲ့သားလိမ္မာတစ်ယောက်မို့ အခြားလူတွေထက်ဖြိုးပိုင်ကိုကျွန်တော်ပိုပြီးခင်မင်ခဲ့ရတယ်။

"Falling"Where stories live. Discover now