Final

4.6K 170 36
                                    

Unicode  Version

                            

        ကန်ရေပြင်ကိုတိုက်ခတ်လာတဲ့လေပြေလေးက ကျွန်တော့်မျက်နှာတစ်ခုလုံးကိုအေးခနဲဖြစ်သွားစေခဲ့ပါတယ်။ ထိုလေပြေတွေနဲ့အတူ ကြာပန်းရနံ့သင်းသင်းကိုပါ ကျွန်တော်ရူရိူက်လိုက်မိတာကြောင့် မျက်စိကိုစုံမှိတ်ပြီး လေပြေတွေသယ်ဆောင်လာပေးတဲ့ ကြာပန်းရနံ့တွေကျွန်နော်အဝရူနေလိုက်မိတယ်။

        ကျွန်တော်သေသေချာချာအနံ့ခံကြည့်တော့မှ ကြာပန်းရနံ့တွေအပြင် ခရေပန်းရနံ့သင်းသင်းလေးတွေကိုပါ ကျွန်တော်ရူသွင်းမိနေခဲ့တာပဲ။ ကျွန်တော်ထိုင်နေတဲ့နေရာကလည်း ကြာကန်ဘေးနားက ခရေပန်းပင်အောက်မှာရှိတဲ့ ခုံတန်းလေးပေါ်မှာမလား။ ကြာပန်းရနံ့ရော ခရေပန်းရနံ့ရော နှစ်မျိုးစလုံးရနေတာအဆန်းမှမဟုတ်ပဲလေ။

        ကျွန်တော့်ဘဝမှာ အခုလိုမျိုးပန်းပွင့်လေးတွေရဲ့ရနံ့ကို စိတ်လိုလက်ရမရူနိုင်ခဲ့တာ တော်တော်ကြာခဲ့ပြီပဲနော်။

        ကျွန်တော်ကမှိတ်ထားတဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းစီဖွင့်လိုက်ပြီး မျက်စိရှေ့မှာမြင်နေရတဲ့ ကြာကန်ထဲကကြာပန်းတွေနဲ့ ကြာခွက်တွေကိုကြည့်ပြီး အတိတ်ကအချိန်တစ်ခုကိုပြန်သတိရနေမိခဲ့ပါတယ်။ အချစ်ဆိုတဲ့အရာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရသလဲလို့ မသိတဲ့အချိန်တစ်ခုမှာ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်ရဲ့ဘဝက သိပ်ကိုပျော်ရွှင်စရာကောင်းခဲ့တာမလား။

         အခုတော့အချစ်ဆိုတဲ့အရာကြောင့် ကျွန်တော်တို့သုံးယောက်စလုံးရဲ့နှလုံးသားတွေမှာ ကိုယ်စီဒဏ်ရာတွေရခဲ့ပြီး တစ်‌ယောက်နဲ့တစ်ယောက်နာကျည်းမုန်းတီးမိကြတဲ့အထိ ဖြစ်ခဲ့ကြရတယ်။ အားလုံးထဲမှာ ကမ္ဘာရဲ့ဘဝကအဆိုးဆုံးပဲပေါ့။

        အချစ်ဆိုတဲ့အရာပေါ်မှာ အတ္တဆိုတဲ့အရောင်တွေထပ်ဆိုးမိလေတော့ ထိုအချစ်ကပဲကမ္ဘာ့ရဲ့ဘဝကိုပျက်စီးသွားစေခဲ့သလို ကမ္ဘာ့ရဲ့နှလုံးသားတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာကွဲကြေသွားစေခဲ့ပါတယ်။

        ကျွန်တော်ကဖြစ်ခဲ့သမျှအရာရာကို ပြန်တွေးမိတဲ့အခါ မျက်လုံးထဲမှာ ကမ္ဘာ့ကိုနောက်ဆုံးမြင်ခဲ့ရတဲ့ပုံရိပ်တွေကို ပြန်မြင်ယောင်လာမိခဲ့ပါတယ်။ ကမ္ဘာတို့အိမ်မှာပြဿနာတွေဖြစ်ပြီး ဖိုးသစ်ကိုဓားနဲ့ထိုးမိလိုက်တဲ့နောက်မှာတော့ ကမ္ဘာဟာလုံးဝကိုအသိစိတ်လွတ်တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ သူသိပ်ချစ်ရတဲ့လူတစ်ယောက်ကို သူကိုယ်တိုင်ဓားနဲ့ထိုးလိုက်မိတဲ့အချိန် ငိုကြွေးပြီးတောင်းပန်နေတဲ့ကမ္ဘာဟာ အိမ်ထဲကိုကျွန်တော့်မိဘတွေနဲ့အတူ သက်ဆိုင်ရာကလူကြီးတွေဝင်လာတဲ့အခါ စိတ်လွတ်ပြီး ဧည့်ခန်းထဲကရှိတဲ့ပစ္စည်းတွေနဲ့ကောက်ပေါက်ကာ ထွက်ပြေးသွားခဲ့ပါတယ်။

"Falling"Where stories live. Discover now