Chapter (13)

1.1K 100 2
                                    

Unicode Version

           
  
        “အ‌မေဖြစ်တဲ့လူကဒီလိုမျိုးတွေဖြစ်လာမှာကို ကြိုသိနေလို့တားတယ် ၊ဒင်းကအမေဖြစ်သူကိုတောင်ရန်တွေတွေ့ပြီး ထွက်သွားလေတော့ခုလိုတွေဖြစ်ပြီပေါ့...ဘယ်လောက်ပြောပြောနားမလည်သဘောမပေါက်တဲ့အထဲမှာ နင်လိုသားသမီးကထိပ်ဆုံးကပဲသိလား ”

         မနေ့ကဖိုးသစ်ကိုသွားကူလို့ရခဲ့တဲ့ ခြေထောက်ကဒဏ်ရာကိုပတ်တီးအသစ်လဲပေးဖို့ဖြည်နေရင်း အမေကတပွပွစိစိနဲ့ ပြောမဆုံးဖြစ်နေတယ်။မနေ့ကတော့ ဒဏ်ရာကိုမြင်ပြီးစိုးရိမ်စိတ်အပြည့်နဲ့ ဆေးအမြန်ထည့်ပေးကာ  ကျွန်တော်အပေါ်အပြစ်တင်စကားတစ်ခွန်းမှ မပြောခဲ့တဲ့အမေက ဒီနေ့ကျမှအတိုးချပြီးပြောဖို့အားမွေးထားသလားမသိ။

        “အဲ့အကောင်နဲ့ပေါင်းလို့ ဒဏ်ရာတွေခဏခဏရနေတာတောင် စိတ်မနာနိုင်သေးတဲ့နင့်ကို အမေဖြစ်တဲ့ငါနားမလည်နိုင်တော့ဘူးဓနအေးရယ်၊ အဲ့အကောင်ဆီမှာ ကောင်းတဲ့အချက်ဘယ်နှစ်ခုများရှိနေလို့ နင်ကအခုချိန်ထိလိုက်ပြီးဖက်တွယ်နေရတာလဲဟင်”

        ကျွန်တော့်ခြေထောက်ကဒဏ်ရာကိုဆေးထည့်နေရင်း မျက်လုံးလေးလှန်ကြည့်ကာ‌ မေးလာတဲ့အမေ့ကို ကျွန်တော်ဘာစကားမှပြန်မပြောနိုင်ပဲ အသံတိတ်နေမိတယ်။ အခုချိန်မှာ ကျွန်တော်တစ်ခွန်းပြန်ပြောလိုက်တာနဲ့ မငြိမ်းနိုင်တဲ့မီးကိုမွှေးလိုက်သလိုဖြစ်သွားမှာ ကျွန်တော်သိနေတယ်လေ။

        “နေရာတကာလိုက်ပြောနေရအောင်လည်း ခလေးတွေမဟုတ်တော့ဘူး၊ ကိုးတန်းအောင်လို့ဆယ်တန်းပဲတက်တော့မယ် အခုချိန်ထိမိဘစကားဆိုကန့်လန့်တိုက်ပြီး ဆိုးသွမ်းချင်နေတုန်း...ငါ့မှာတော့ဒီသားလေးတစ်ယောက်ရှိလို့ မိဘကိုများကူပေါ်လောင်ဖက်ရမလားဟဲ့ တစ်ခုခုဆိုရင်တိုင်ပင်ဖော်တိုင်ပင်ဖက်ရမလားဟဲ့ဆိုပြီး အမျိုးမျိုးပြောဆိုဆုံးမနေရတာ နောက်ဆုံးပြောနေရတဲ့ငါပဲမောတယ် နင့်အချိုးကဒီတိုင်းကဒီတိုင်း ပြောင်းလဲမလာဘူး”

        အမေဆိုတာ ကျွန်တော်တစ်ခုခုဖြစ်လာရင် စိုးရိမ်တကြီးဖြစ်ဆုံးကသူဖြစ်သလို မကျေနပ်ချက်တွေပြောပြီဆိုရင်လည်း မနားတမ်းပြောတတ်တာလည်းသူပဲ။ ကျွန်တော့်အပေါ်မှာ မချစ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ တစ်ခါတစ်ခါ ကျွန်တော်ကိုအဖေကဆူနေရင်တောင် ကြားထဲကဝင်ပြီး စိတ်ဆိုးတတ်တဲ့လူ။ကျွန်တော်ကိုသူပဲဆူမယ် သူပဲရိုက်မယ် ကျန်တဲ့လူလက်ဖျားလေးနဲ့တောင်မထိနဲ့ မကြိုက်ဘူးဆိုတဲ့အမေမျိုး။ ကျွန်တော်လိုလူတောင် အမေ့ကိုတစ်ခါတစ်လေနားမလည်နိုင် ဖြစ်နေရတယ်။

"Falling"Where stories live. Discover now