Chapter (1)

7.5K 282 2
                                    

Unicode Version

လှမ်းနေတဲ့ကျွန်တော့်ခြေလှမ်းတွေကို ယိုင်နဲ့မသွားအောင်၊ ခွေလဲကျမသွားအောင် မနည်းအားယူပြီး ကြိုးစားလှမ်းနေရတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်အသိဆုံး ။ ကျွန်တော်နဲ့အတူ ကျွန်တော့်ပုခုံးကိုလက်တစ်ဖက်နဲ့ကိုင်ကာ ဘေးနားကပ်လိုက်လာတဲ့ ဓနရဲ့ခြေလှမ်းတွေက ကျွန်တော့်လိုမဟုတ်ဘဲ သိသိသာသာယိုင်နဲ့နေတာ ပုံပျက်ပန်းပျက်ကိုဖြစ်လို့ ။

ဒီကောင်ဓနက ကိုယ့်ကိုယ်ကိုလည်းမထိန်းနိုင်ဘဲနဲ့ လူတတ်ကြီးလုပ်ပြီး ကျွန်တော်သောက်တိုင်းလိုက်သောက်တာကိုး ။ ဒီကောင်နဲ့သာလိမ်စားရင် အလိမ်မြန်မြန်ပေါ်ပြီး ထမင်းငတ်မယ့်ကိန်း။ တစ်ခါတစ်လေလေး ကျောင်းပြေးပြီး မသောက်ဖူးတဲ့ထန်းရည်ကို ခိုးသောက်မိပါတယ် ...ဒီကောင်ဓနလုပ်မှ အိမ်လူတွေအကုန်သိပြီး အရိုက်ခံရတော့မှာ မြင်ယောင်သေးတယ်။

"ငါတို့ခုဘယ်ရောက်နေပြီလဲကွ...အေ့ ၊ ငါ့ရဲ့မျက်စိထဲမှာ မြင်မြင်သမျှအရာတွေအကုန်လုံး ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဖြစ်နေပြီ ၊ ဟား...ဟား ကျောင်းမှသင်ရတဲ့ ကမ္ဘာကြီးကလည်နေတယ်ဆိုတာ ခုမှပဲငါယုံတော့တယ် အေ့ "

ပါးစပ်ကလည်းပြောရင်း ကျန်လက်တစ်ဖက်ကအငြိမ်မနေဘဲ ဟိုဘက်လက်ညိုးထိုးလိုက် ဒီဘက်လက်ညိုးထိုးလိုက်နဲ့ အမူအရာမျိုးစုံလုပ်နေသော ဓနပုံစံကိုကြည့်ပြီး ကျွန်တော့်မှာရယ်ရအခက် ငိုရအခက်ဖြစ်နေရတယ်။ အစကတော့ ထန်းရည်လေးသောက်တာ ဘယ်လောက်မှမမူးပါဘူးဆိုပြီး တစ်ခါမှမသောက်ဖူးဘဲ အသံကောင်းဟစ်ခဲ့သူက ထန်ရည်လေးတစ်အိုးသောက်ပြီး မူးပြနေလိုက်တာ လူမှန်းမသိသူမှန်းမသိကိုဖြစ်လို့်။

"မင်းကိုယ်မင်းလည်း နည်းနည်းပါးပါးလောက်ထိန်းပါအုံးဓနရာ မင်းလုပ်တာနဲ့ ငါတို့အိမ်ကလူတွေ အကုန်ရိပ်မိသွားပြီး ကျောကွဲအောင်အရိုက်ခံနေရပါအုံးမယ်ကွ ၊ မင်းဒီလိုမူးတတ်မှန်းသာ အစကတည်းကငါသိရင် ငါတစ်ယောက်ထဲ မင်းမသိအောင်သွားသောက်ပါတယ်ကွာ ...အခုတော့ငါ့ဘဝက မြွေပွေးကိုခါးပိုက်ပိုက်ထားရသလိုပဲကွ ဓနရ"

"ခေါင်းမူးရတဲ့ကြားထဲ မင်းပါးစပ်ကတိတ်တိတ်လေး နေပေးလို့မရဘူးလား ဖိုးသစ်ရာ ...မင်းအသံကြားရတာ ငါအန်တောင်အန်ချင်လာပြီသိလား ၊ငယ်ငယ်လေးကတည်းက ငါမသိအောင် မင်းဘာမှလုပ်လို့မရဘူးဆိုတာ သိရက်သားနဲ့ အပိုတွေလျှောက်ပြောမနေနဲ့ဟေ့ကောင် ၊ ကောင်းတာလုပ်လည်းအတူတူလုပ်မယ် မကောင်းတာတွေလုပ်လည်းအတူတူလုပ်မယ် ဒါပဲ...အေ့ ၊ မင်းဘာစကားမှထပ်ပြောမနေနဲ့တော့"

"Falling"Opowieści tętniące życiem. Odkryj je teraz