Chapter (17)

1.1K 115 14
                                    

Unicode Version

        “ချစ်ခြင်း ”

        ကျူရှင်ကနေထွက်လာရုံရှိသေးတယ် လမ်းထိပ်ကအုတ်ခုံလေးမှာ ထိုင်စောင့်နေတဲ့နေလင်းဇော်က ကျွန်မကိုမြင်တော့မတ်တပ်ထရပ်ကာ လှမ်းခေါ်လိုက်တာမို့ ကျွန်မရဲ့မျက်ခုံးတွေကအလိုလိုကျုံ့လိုက်ပြီးသားဖြစ်သွားတယ်။ နေလင်းဇော်ဆိုတဲ့ကောင်ကို အစောကတည်းကကြည့်မရဖြစ်နေတဲ့ကျွန်မရဲ့စိတ်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကဓနအေးကိုပြဿနာရှာကာ ကျောင်းအုပ်ကြီးရုံးခန်းထဲရောက်အောင်လုပ်ခဲ့ပြီးတဲ့နောက် နေလင်းဇော်ကိုကျွန်မပိုပြီးကြည့်မရဖြစ်သွားခဲ့တယ်။

        ဆယ်တန်းစတက်ကတည်းက ကျွန်မကျူရှင်းဆင်းတဲ့အချိန်တွေဆို တစ်ခါတစ်လေလာစောင့်တတ်တဲ့နေလင်းဇော်က အခုနောက်ပိုင်းမှာတော့ နှစ်ရက်ခြားတစ်ခါလောက် လာစောင့်နေတတ်တယ်။ ဒါဟာဘာကြောင့်လဲဆိုတာ မိန်းကလေးတို့ရဲ့သဘာဝအတိုင်း ကျွန်မသိနေခဲ့ပေမယ့် ကျွန်မရဲ့စိတ်တွေဟာ နေလင်းဇော်အပေါ်နည်းနည်းလေးတောင် မယိုင်လဲခဲ့တာမို့ နေလင်းဇော်ကျွန်မကိုလာစောင့်တိုင်း ကျွန်မမျက်နှာကိုခပ်တည်တည်သာနေဖြစ်ခဲ့တယ်။ နေလင်းဇော်တက်တဲ့ကျူရှင်နဲ့ ကျွန်မတက်တဲ့ကျူရှင်က တစ်လမ်းထဲဖြစ်နေခဲ့တာ ကျွန်မအတွက်ကံဆိုးမူ့တစ်ခုပဲပေါ့။

        “ချစ်ခြင်း ”

        နေလင်းဇော်ရဲ့အရှေ့ကိုဖြတ်လျှောက်ဖို့ပြင်နေတဲ့ကျွန်မရဲ့ခြေလှမ်းတွေက ကျွန်မနာမည်ကိုထပ်ခေါ်လာတဲ့နေလင်းဇော်ရဲ့အသံကြောင့် ရပ်တန့်သွားခဲ့တယ်။ ကျွန်မရဲ့ခွင့်ပြုချက်မရှိဘဲ ကျွန်မနာမည်ကိုအဖျားစွတ်ခေါ်နေတာကြီးကို ကျွန်မ မကြိုက်လိုက်တာနော်။မခေါ်နဲ့လို့အခါခါ‌သတိပေး‌ခဲ့ပေမယ့် နေလင်းဇော်ကတော့ သူ့ခေါ်ချင်တဲ့အတိုင်းခုထိခေါ်နေတုန်း။

        “ငါ့နာမည်ကို အဖျားစွတ်ပြီးမခေါ်နဲ့ငါမကြိုက်ဘူးလို့ပြောထားတာ နင်နားမလည်ဘူးလားနေလင်းဇော် ၊ နောက်ပြီးငါ့ကိုအခုလိုတွေလိုက်ပြီးနှောက်ယှက်နေတာကို နင်မရပ်နိုင်သေးဘူးလား”

        ပြောလိုက်တဲ့ကျွန်မလေသံကမာနေပေမယ့် နေလင်းဇော်ကပန်းနဲ့ပေါက်နေတယ်လို့ ထင်နေသလားမသိ။ အပြုံးမပျက် ။

"Falling"Where stories live. Discover now