Chapter(12)

1.1K 106 3
                                    

Unicode Version

                      

၂၀၀၈ ခုနှစ် ၊ မေလ (၂)ရက်၊ ညနေ(၄)နာရီ

        “လေတွေကအရမ်းတိုက်လာသလိုပဲ...မုန်တိုင်းရှိတယ်ဆိုပြီးလူတွေပြောနေကြတာ အမှန်ထင်တယ်”

        ‌ကျွန်တော်အခန်းထဲမှာလှဲနေတုန်း အိမ်ရှေ့ကပြောလိုက်တဲ့ အမေ့အသံကြောင့် လှဲနေရာကနေထပြီး အခန်းထဲကနေထွက်ကာ အပြင်ကိုကျွန်တော်ကြည့်လိုက်မိတယ်။ ဟုတ်ပါရဲ့...ကောင်းကင်ကြီးတစ်ခုလုံးကမဲမှောင်နေတဲ့အပြင် လေတွေကလည်းတဟူးဟူးတိုက်ခတ်နေလို့ပါလား။

        ဘယ်လောက်တောင်လေတိုက်တာပြင်းလဲဆိုရင် သစ်ပင်တွေကအကိုင်းအခက်တစ်ချို့တောင်ကျိုးကျပြီး လမ်းတွေပေါ်မှာပြန့်ကျဲနေတယ်။ မိုးကတော့အရမ်းမရွာသေးဘဲ ဖွဲဖွဲလေးပဲကျနေတယ်။ ဒီပုံစံအတိုင်းဆိုရင် သိပ်မကြာခင်မှာ မိုးတွေ‌သည်းကြီးမည်းကြီးရွာတော့မယ့်ပုံပဲ။

        “ကိုးသောင်းငွေကလည်းပြန်မလာသေးဘူး ...ဒီအချိန်မုန်တိုင်းတိုက်လာလို့ကတော့ ဒုက္ခပါပဲ”

        အမေက အပြင်ကိုကြည့်ကာ အလုပ်သွားတဲ့အဖေ့အတွက် စိုးရိမ်တကြီးပြောရင်း ဝတ်ထားတဲ့လုံချည်(ထဘီ)ကို ခိုင်အောင် ခပ်တင်းတင်းပြန်ဝတ်ပြီး တိုင်မှာချိတ်ထားတဲ့ခမောက်ကိုဆောင်းကာ ခြံထဲကိုဆင်းသွားတယ်။ ပြီးတော့ နေပူတုန်းကထုတ်လှမ်းထားတဲ့ ထင်းတွေကိုနိုင်သလောက်သယ်ကာ အိမ်အောက်ကိုနေရာရွှေ့နေတာမို့ ကျွန်တော်လည်းခမောက်တစ်ခုကိုအမြန်ဆောင်းပြီး အမေ့ကိုကူဖို့အိမ်ပေါ်ကဆင်းလာလိုက်တယ်။

        “အိမ်ပေါ်မှာမနေပဲ ဘာလို့ဆင်းလာတာလဲသားရယ် ၊ မတော်လို့သစ်ကိုင်းတွေကျိုးကျလာရင် ထိခိုက်မိနေပါအုံးမယ်...ဒီထင်းလောက်ကတော့အမေတစ်ယောက်ထဲရွှေ့လည်း ရပါတယ်”

        “အော်အမေရယ်...အမေကမိုးရေထဲမှာတစ်ယောက်ထဲသယ်ပိုးနေတာကို သားကအိမ်ပေါ်မှာ အခန့်သားထိုင်ပြီးကြည့်နေစရာလား၊ ပေး...ပေးကျန်တဲ့ထင်းတွေကိုလည်း သားပဲရွှေ့လိုက်မယ် ၊ အမေကအိမ်ပေါ်မှာပဲသွားနေလိုက်”

"Falling"Donde viven las historias. Descúbrelo ahora