အမောင် အပိုင်းရှစ်။ ။
အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ချည်ထိုးနေခိုက် လုံမငယ်လေးတစ်ချို့ အလည်လာသည်မို့ ရပ်တန့်လိုက်ရ၏။ ပုံမှန်ဆို နေ့တိုင်းလိုလို စကားဝိုင်းလာဖွဲ့တတ်ကြပေမယ့် အမောင် ရွာကိုပြန်ရောက်လာတဲ့နောက်ပိုင်း အလာကျဲကုန်ကြသည်လေ။
" မမခင် ကျုပ်တို့လာတယ် "
" လာကြကွယ် ခင် လက်ဖက်သွားသုပ်ပေးမယ် "
" ဟုတ်ကဲ့ ကျုပ်တို့ရေနွေးကြမ်းသောက်ရင်း စောင့်နေပါ့မယ် "
အတွေးထဲနေရာယူလာသည့် တစ်စုံတစ်ဦး။
အိမ်သို့လာလည်တိုင်း ကိုကိုကြီးမရှိသော အချိန်အခါကိုသာ ရွေးလာတတ်ပြီး လာရင်းအကြောင်းပြချက်ကိုတော့ သူကြီးနဲ့တွေ့ချင်လို့ပါဟု လိမ်ညာပြောတတ်သည်။ ပါလာသောအဖော် ကိုလှဖေကိုဖြင့် ပြန်လွှတ်လေ့ရှိပြီး ကျုပ်တစ်ယောက်တည်း ပျင်းလို့ပါဆိုကာ ခင့်ကိုဆွဲထားတတ်သူ။ လက်ဖက်သုပ်ပေးမယ်ပြောတိုင်း ခေါင်းခါ၍သာ ရေနွေးကြမ်းပဲ သောက်သွားလေ့ရှိသော အမောင်။လွန်ခဲ့သောသုံးရက်ခန့်၊ အိမ်၌ ညစာလာစားသွားသောနေ့။ ချစ်စကားဆိုကာ အဖြေတောင်းပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားလိုက်တာများကွယ်။ ဘုန်းကြီးကျောင်း အသွားအပြန်တိုင်းလည်း ခြံထဲထွက်နေတတ်သည့် အမောင့်အား မတွေ့။ အိမ်ကိုပါ လာမလည်တော့ပေ။ ခင့်ကိုရှက်လို့ရှောင်တာဆိုရင် တစ်မျိုး၊ တစ်ခုခုသာ ဖြစ်နေပါက ခင်တော့ပူပင်ရချည်ရဲ့။
ဆီရွှဲနေသော လက်ဖက်သုပ်လေးသည် စားချင်စဖွယ်အတိ။ ခရမ်းချဉ်သီး အကျွတ်ကော အမှည့်ပါ ညှပ်ထည့်ထားပြီး ငရုတ်သီးအစိမ်းတောင့်လေးများကိုပါ တစ်ပါထဲ ရောထည့်ပေးထားသည်။ အကြော်အလှော်အပြည့်အစုံဖြင့် လက်ဖက်သုပ်ပေါ်တွင် ပုစွန်ခြောက် အကောင်ကြီးများကိုလည်း ခပ်များများဖြူးထည့်ထား၏။
" ကဲ စားကြနော်။ အများကြီးသုပ်လာပေးတယ် ဒီမှာက ကြက်သွန်ဖြူဥတွေ "
လက်ဖက်သုပ်ပန်းကန်အား စကားဝိုင်းထဲ ချပေးလိုက်သည်နှင့် တစ်ယောက်တစ်လှည့် စားကြတော့၏။ လက်ဖက်ရည်ကြမ်းအား ခင်ကိုယ်တိုင်ငဲ့ပေးပြီး ကမ်းပေးလိုက်သည်။ အားရပါးရ စားသောက်နေကြပုံအားကြည့်လို့ ခင့်ရင်ထဲ လှိုက်ခနဲကြည်နူးစိတ်ဝင်ရပါသည်။
YOU ARE READING
အမောင် (completed)
Romanceage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂