~~ လူတွေ့ရင် မူကာနွဲ့ကာ ယိမ်းမယ့်ခင်ပျို ~~
" မယ်ခင် ညည်းဘယ်လိုဖြစ်နေတာတုန်း။ ထိုင်ရင်လည်းထိုင် ထရင်လည်းထ "
မနက်နိုးထဲက ဆောက်တည်ရာမရဖြစ်နေသော ခင့်အား ကိုကိုကြီးဆူလေပြီ။ ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့အပြန် အမောင့်အိမ်ဝင်ရန် တွေးထားသော်လည်း တကယ့်လက်တွေ့တွင် ခင် ကြောက်နေမိသည်။ ဘယ်အရာကို ကြောက်မိမှန်းတော့ ကိုယ်တိုင်ပင် မသိချေ။
လွတ်လပ်ရေးနေ့မှာ လွန်ကြိုးပြိုင်ဆွဲနေသလို ခင်စိတ်တွေ လွန်ဆွဲနေခဲ့သည်။ အခြေအနေသိချင်နေသည်မှာ အတိုင်းထက်အလွန်။ ထိုနည်းတူ အမောင့်ကိုလည်း စိတ်မဆိုးပါ။ သို့သော် သွားတွေ့လိုက်ပါက ခင် သိပ်ကိုမှ အပေါစားဆန်သွားနိုင်မည်။
" ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့လိုက်ဦးမယ် ကိုကိုကြီး "
" အေး သွားလေ "
အမောင့်အိမ်ရှေ့ရောက်သောအခါ ကိုလှဖေအား တွေ့ရ၏။ လှည်းပြင်နေပုံပေါက် တစ်နေရာရာသွားရန်ဖြစ်လိမ့်မည်။
ဟောကြည့် အတွေးတောင်မဆုံးသေးဘူး အိမ်မကြီးထဲကနေ အမောင့်အမေဖြစ်သူ ခပ်သုတ်သုတ်ထွက်လာ၏။ အပူတပြင်းဖြစ်မနေသော်လည်း မရွှင်ပြသည့် မျက်နှာထားကြောင့် ခင် စိုးထိတ်မိသည်။
သွားစရာရှိသော အရပ်ဒေသသို့ ခြေလှမ်းအမြန်နှုန်းကို နှစ်ဆမြှင့်ကာ သုတ်ချေတင်ထွက်လာလိုက်၏။
ကပ်ပိယကြီးအား ဆွမ်းချိုင့်ကမ်းပေးပြီးနောက် ဘုန်းတော်ကြီးဆီမှ ငါးပါးသီလခံယူရမည်ဖြစ်သည်။ သို့သော် ရတက်မအေးသောစိတ်ကြောင့် ဘုရားကန်တော့သည်ပင် အယောင်ယောင် အမှားမှား။
" ဘုန်းဘုန်းဘုရား တပည့်တော်မ အားနာပေမယ့် လျှောက်တင်စရာလေး ရှိပါတယ် "
" ဟေ ဘာတုန်း ဒကာမကြီးရဲ့ "
" တပည့်တော်မကို နောက်နေ့မှပဲ သီလပေးတရားဟောပါတော့လား ဘုရား။ အရေးကြီးကိစ္စလေးရှိလို့ အမြန်သွားရမှာမို့ပါ "
" အဘယ်အရေးတွေကြောင့်လဲ ဒကာမကြီးရယ် "
ခဏတာတိတ်ဆိတ်မိသွား၏။
ဘယ်လိုစကားအား ပြန်ဖြေရမလဲ ခင် မသိတော့။
VOUS LISEZ
အမောင် (completed)
Roman d'amourage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂