🗞️(၇) -U

15.7K 1.3K 11
                                    

အမောင် အပိုင်းခုနစ်။ ။

" ခင်မှ အမောင့်ကို မချစ်ပဲကွယ် " တဲ့လေ နှုတ်ဖျားတွေက လိမ်လို့လွယ်ပေမယ့် မျက်ဝန်းနက်နက်တွေကတော့ ဟန်ဆောင်မှုညံ့တယ် ဒေါ်ခင်မူယာ။

အိမ်ကူအဒေါ်ကြီးသုပ်ပေးထားသော ဂျင်းသုပ်အား တမြုံမြုံဝါးရင်း စဉ်းစားခန်းဖွင့်နေမိသည်မှာ အတော်ပင်ကြာသွားပုံရ၏။ ကျုပ်ထိုင်ခုံမှာ စထိုင်ကတည်းက နွားစာကျွေးနေသည့် ကိုလှဖေပင် အလုပ်ပြီးချေပြီ။

" ကဲ ကိုလှဖေ၊ ဂျင်းသုပ်လေးစားရင်း ရေနွေးကြမ်းလာသောက်လှည့်ဦး "

" ဟုတ်ကဲ့ မမလေး "

သူဌေးကြီးဦးစိုင်းထွန်းမောင်တို့ မိသားစုဟာ အင်မတန် စိတ်နှလုံးပြည့်ဝကြသူများပင်။ တစ်မိသားစုလုံးက ပညာတတ်လူချမ်းသာများဖြစ်သော်လည်း အဆင့်အတန်း ခွဲခြားခြင်းမရှိ။ ဖော်ဖော်ရွေရွေရှိပြီး ရွာအကျိုးဆို သိပ်တက်ကြွသူများပင်ဖြစ်သည်။

" ကိုလှဖေကို ကျုပ်မေးစရာရှိတယ် "

" ဗျာ "

" ဒေါ်ခင်မူယာနဲ့ ကျုပ်ကို ဘယ်လိုမြင်တုန်း၊ ပွင့်ပွင့်လင်းလင်း ဖြေပေးစမ်းပါ "

ဂျင်းသုပ်ပန်းကန်သို့ လက်လှမ်းခါနီးမှ လီလီယာမောင်ရဲ့အမေးကြောင့် ကိုလှဖေတစ်ယောက် လက်တွန့်သွားချေသည်။ ထိုအခြင်းအရာအား အကင်းပါးသူပီပီ လီလီယာမောင်က ခပ်ယေးယေးပြုံး၏။

" စားရင်းနဲ့ဖြေပါ၊ ပေါ့ပေါ့ပါးပါးပေါ့ "

" ဟုတ် .. ဟုတ်ကဲ့ မမလေး "

ကိုလှဖေဟာ အိမ်ရဲ့အပို့အကြိုသမား၊ တစ်နည်းထပ်ဆိုရရင် ခြံစောင့်တစ်ယောက်ဖြစ်သည်။ သို့ပေတည်း လီလီယာမောင်ရဲ့ နောက်လိုက်ဆိုလည်း မမှားနိုင်။ ဘယ့်နှယ့်ဆို အိမ်မှာ အထွက်အများဆုံးက လီလီယာမောင်သာဖြစ်၏။ မနက်တစ်ကြောင်းသာ သူဌေးကြီးလင်မယားကို အလုပ်ရုံအား လိုက်ပို့ပေးရပြီး ကျန်အချိန်များမှာ လီလီယာမောင်နဲ့သာ အနေများသည်လေ။

" မမခင်ကို ပိုးပမ်းနေတာမဟုတ်လား "

" အေး ဟုတ်တယ်လေ "

အမောင် (completed)Dove le storie prendono vita. Scoprilo ora