[Remind: " အမောင် " ဝတ္ထုက ၁၉၆၀ ဝန်းကျင်ကို အခြေခံပြီးရေးထားတာပါ။ အတတ်နိုင်ဆုံး ရှေးခေတ်ပုံစံကို မှီငြမ်းထားပေမယ့် တစ်စုံတစ်ရာ ကွဲလွဲခဲ့သည်ရှိသော် အညို့ရဲ့ စိတ်ကူးယဉ်မှုသာ ဖြစ်ပါတယ်]
အမောင် - အပိုင်း တစ်။ ။
ရထားပေါ်မှ ဆင်းလာသောအခါ မနက်ကိုးနာရီတိတိ။ တကြော်ကြော်အော်ရောင်းနေသော ဈေးသည်မလေးများဘက် တစ်ချက်လှည့်ကြည့်လို့ ပင့်သက်ရှိုက်မိသည်။ နေပူပူအောက် ချွေးတလူးလူးကျနေသော်လည်း အာပေါင်အာရင်း အသံမှာတစ်ချက်လေးပင် လျော့သွားခြင်းမရှိကြပေ။ တယ်လည်း ဇွဲကောင်းကြသော လုံမပျိုတွေဖြစ်၏။
အဝတ်အထည် များများစားစားမပါဝင်သော လေးထောင့်သဏ္ဍာန်သံသေတ္တာလေးကို ဆွဲမ'လို့ ဘူတာရုံအပြင်ဘက်သို့ ဦးတည်လာလိုက်သည်။ တပေါင်းလအကူးအပြောင်းမို့ မိုးကောင်းကင်တစ်ခုလုံး စွေမိုင်းနေသော်လည်း ပူလောင်မှုဒဏ်မှာ အားယုတ်မသွားချေ။
ရန်ကုန်က အသိမိတ်ဆွေ လက်ဆောင်ပေးလိုက်၍လည်းတစ်ဖြစ်၊ မိမိကိုယ်တိုင်နှစ်သက်မိ၍လည်းဟုတ်သော လောင်းကုတ်ခဲပြာရောင်လေးအား ချွတ်လိုက်ရသည်။ ယခုချိန်တွင်တော့ ဤအင်္ကျီအား မနှစ်သက်နိုင်ပေ။ အသပ်အရပ်မဟုတ်တန်သော်လည်း အမြင်မရိုင်းလောက်အောက် ခေါက်သိမ်းလို့ တံတောင်ကွေးကာ သပ်တင်ထားလိုက်သည်။
" ဗျို့ ကိုလှဖေ၊ ကျုပ်ကိုကျော်ပြီး ဘယ်သူ့ကိုသွားကြိုမလို့တုန်း "
အော်ဟစ်လိုက်ခြင်းမမည်သော ထိုအော်ခေါ်သံသည် လူအနည်းစုကိုတော့ ပီပီသသ ကြားစေ၏။ ချွဲနွဲ့ခြင်းမပါသလို ခပ်ရှရှမဟုတ်လေသော ထိုအသံ။ ယောက်ျားဟန်ပန်ခပ်ဩဩမဟုတ်ပေမယ့် ကြားရသူအဖို့ ထိုအသံသည် ရှိန်တက်သွားစေကာ မလွန်ဆန်ဝံ့သော အာဏာစက်ကွင်းနှင့် ဆင်တူ၏။
ကိုလှဖေဆိုသူမှာ အိမ်တော်ရဲ့ တစ်ဦးတည်းသော အကြိုအပို့ တာဝန်ယူထားသော အလုပ်သမားပင်။ ဘိလပ်မှာဆို ကားဒရိုင်ဘာလို့ခေါ်နိုင်ပေမယ့် ယခု ကိုလှဖေက နွားလှည်းမောင်းရတော့ နွားဒရိုင်ဘာပေါ့။ မိမိအတွေးကို ပြန်လည်စဉ်းစားမိရင်း မထိန်းနိုင်စွာ ရယ်လိုက်မိ၏။
VOUS LISEZ
အမောင် (completed)
Roman d'amourage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂