တွယ်ငြိလေမိသော မျက်ဝန်းနက်နက်များဟာ ကမ္ဘာမြေအဆုံး ကပ်ပါချင်ပုံရ၏။ ကျုပ်ဖြင့် ထိုနေ့ကတွေ့ခဲ့ရသော မျက်ဝန်းလေးများအား အိမ်မက်ထဲအထိထုတ်မရပေ။ ပြုစားလိုက်ပုံများ ... ကျုပ်ဖြင့်မရူးသွားတာ ကံကောင်း။
မိန်းမတစ်ယောက်က လိင်တူအခြားမိန်းမတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ လူတွေအမြင်မှာတော့ သိပ်ကိုမှဆန်းကြယ်လွန်းသောဖြစ်ရပ်ပေါ့။ တစ်ချို့အတွက်တော့ဖြင့် ပကတိစက်စုပ်ဖွယ်၊ ရှုံ့ချဖွယ်ပင်ဖြစ်သည်။ ထိုအရာတွေအား ကျုပ်စိတ်မဝင်စားပါ။ ကျုပ်ဖြင့်လေ ထိုအမျိုးသမီးကို အရိပ်တကြည့်ကြည့်နေရတာနှင့်တောင် မအားလပ်ပေ။
မျက်ခုံးလေးပင့်သည်ကအစ ထဘီအောက်နားစမှ တစ်စွန်းတစ်စပေါ်နေသော ခြေချောင်းနုနုလေးအဆုံး မြတ်နိုးရပါသည်။ အပိုအလိုမရှိသော ရင်တွင်းစကားတွေဟာ သိပ်ကိုမှလေးနက်လှပလွန်းပါရဲ့။ ထိုအမျိုးသမီးကို ကျုပ်ရင်ထဲနင့်နေအောင်ကိုချစ်ရတာ။
ရှားရှားပါးပါး တစ်ဦးတည်းသောဖြစ်တည်မှုလေးဟာ ဒေါ်ခင်မူယာပါ။ အလုံးစုံသော စိတ်အာရုံတို့ ကွန့်မြူးရာအရပ်အဝန်းလေးဟာ ထိုအမျိုးသမီးပါပဲ။ မပြောင်းလဲသွားမည့် ကျုပ်နှလုံးသားရဲ့ သခင်ဟာလည်း သူမသာဖြစ်ပါသည်။ မိုးကောင်းကင်ကြီးလောက်၊ ပင်လယ်ပြင်လောက်တို့ထက် ပိုနက်ရှိုင်းသော ကျုပ်ရဲ့ပျော်ဝင်ခြင်းအနတ္တတွေပါ ခင်ဗျားရယ်။
" ဒေါ်ခင်မူယာ "
" ရှင် "
" ကျုပ်နောက် ခဏလိုက်ခဲ့ပေးလို့ရမလား "
သားငယ်လေးလည်း အိပ်နေပြီမို့ ခင်လည်းငြင်းမနေတော့ပါပဲ ခေါင်းငြိမ့်လိုက်သည်။ ဘယ်အရပ်ဒေသကို သွားဖို့လဲဟု ခင် တစ်ခွန်းမမေးမိပါ။ အဘယ်ကြောင့်ဆို အမောင်သာခေါ်ရင် ကမ္ဘာမြေအဆုံးထိ ခင် လိုက်ဝံ့သည်။
စိန်ပန်းပင်ကြီးတွင် နီဆွေးဆွေးပန်းပွင့်လေးများ အပြိုင်အဆိုင်၊ အလုအယက် ပွင့်လန်းနေကြ၏။ ထိုသည်အားကြည့်ကာ နှစ်လိုဖွယ်ပြုံးနေသော အမောင်။ မီးခိုးနုရောင် မျက်ဝန်းလေးတွေဟာ ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်အခါငေးငေး ရင်ခုန်ခြင်းများအား လက်ယက်ခေါ်တတ်စမြဲ။ နှာခေါင်းဖျားထိပ်မှ မှဲ့နက်သေးသေးလေးသည် ခင့်ရဲ့ပျော်ဝင်ရာပါ။ တစ်ကြိမ်တစ်ခါလောက်တော့ ခပ်ဖွဖွအနမ်းပေးချင်ပါသေးရဲ့။
VOUS LISEZ
အမောင် (completed)
Roman d'amourage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂