မနေ့က ကောင်လေး၏စကားကိုနားထောင်ကာ အိပ်ခဲ့သဖြင့် ယနေ့တွင် ဂျောင်ကုတစ်ယောက်လန်းဆန်းတက်ကြွစွာဖြင့် အစီအစဥ်မလာခင် တစ်နာရီအလိုကပင်နိုးထလို့နေခဲ့သည်။
ကြမ်းပြင်ထက်တွင် ပုံလို့ကျနေသော အဝတ်အစား တစ်ချို့ကို ကောက်ကာ ဆပ်ပြာရည်ဖျော်ထားသောရေဇလုံထဲသို့ပစ်ထည့်ကာ လျှော်လိုက်သည်။
လျှော်ဖွတ်ပြီးသည်များကို အိမ်ရှေ့ဝရန်တာသို့သယ်ကာ ထွက်ခါကနေရောင်အောက်တွင် ဖြန့်ကာလှမ်းနေခဲ့သည်။
ဂျောင်ကုအားမြင်သွားဟန်ရှိသော အိမ်ရှင်အဒေါ်ကြီးသည် အပေါ်ထပ်သို့မော့ကြည့်ကာ
"ဟဲ့ကောင်လေး... နင်နေကောင်းရဲ့လား... နင့်ကို မနေ့ကမတွေ့လို့ နင်ဘယ်တွေရောက်နေတာလဲ...ပြန်ရောအိပ်ရဲ့လား!!"
အသံကျယ်ကျယ်နှင့် အော်နေသော အဒေါ်ကြီးကို ဂျောင်ကုတစ်ချက်ငုံ့ကြည့်လိုက်သည်။
"နေကောင်းတယ်... ဘာမှမဖြစ်ဘူး... မအားသေးလို့ ဝင်တော့မယ်!!"
ပြောပြောဆိုဆိုနှင့် အဝတ်ထည့်လာသော ကော်ဇလုံကြီး မကာ အခန်းထဲသို့ဂျောင်ကုပြန်ဝင်သွားခဲ့သည်။
"ဟဲ့... ဪ ဘယ်လိုအပေအတေလေးမှန်းကိုမသိဘူး လူကြီးစကားပြောနေရင် နားထောင်ရ ကောင်းမှန်းမသိနဲ့!!"
လျစ်လျူရှုခံလိုက်ရသော အဒေါ်ကြီးသည် မကျေနပ်ကြောင်းမြည်တွန်တောက်တီးကာကျန်ရစ်ခဲ့တော့သည်။
နာရီသို့တစ်ချက်မော့ကြည့်လေတော့ နာရီဝက်အချိန်ရလို့နေသေးသည်။
ရေဒီယိုအားဖွင့်ကာထားလိုက်ပြီး ရေချိုးရန်တစ်ဖန်ပြန်ဝင်သွားလေသည်။
သဘက်ဖြူအစအား ခါးတွင်ပတ်ကာပြန်ထွက်လာလေတော့ ဆယ့်ငါးမိနစ်အချိန်ကျန်လို့နေသေးသည်။
ခပ်ပွပွ အင်္ကျီအနက်တစ်ထည်နှင့် ဘောင်းဘီအပွတစ်ထည်ကို ယူ၍ဝတ်ဆင်ပြီးနောက် အားသွင်းထားသောဖုန်းလေးကိုလည်းဖြုတ်လို့ထားလိုက်သည်။
ဆာလောင်လာသော ဗိုက်၏မြည်သံကြောင့် နာရီကိုမော့ကြည့်ရသေးသည်။ ငါးမိနစ်သာလိုတော့သည့်အတွက် ရုံးလွယ်အိတ်အားမွေနှောက်ကြည့်လိုက်ရသည်။