(1)

16.2K 541 15
                                    

[Unicode]

"6268 ထွက်ခဲ့"

အပြင်ဘက်မှနေပြီး သံတိုင်ကို တုတ်နဲ့ခေါက်ကာ သူ့နံပါတ်အား ခေါ်လာသည့် အစောင့်ကြောင့်
ပီနိုင်း ခေါင်းတစ်ချက်ထောင်လာခဲ့သည်။
အလိုမကျမှုကြောင့် သူ့မျက်နှာက မှုန်ကုပ်ကုပ်။

"သွား"

"ကျုပ် ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ပြောထားတယ်လေ"

"လျှာမရှည်နဲ့။ဆက်သွား"

အစောင့်ရဲ့မျက်နှာက ခပ်တင်းတင်း။
ပီနိုင်းမှာ ဘာမှဆက်ပြောလို့ မရတော့။
လက်ထိပ်တန်းလန်းနဲ့သာ တိတ်တိတ်လေး
လိုက်ပါလာရတော့သည်။သွားနေကြသည်က
ဧည့်တွေ့ဆောင်ဆီသို့။အခန်းတစ်ခန်းရှေ့ကို
ရောက်လာတော့ အစောင့်က ဦးစွာရပ်လိုက်သည်။
ထို့နောက် အခန်းတံခါးကိုဖွင့်လိုက်ပြီး ပီနိုင်းကို
ဝင်သွားဖို့ အချက်ပြ၏။မှုန်တေတေမျက်နှာထားနှင့် ပီနိုင်းက
မျက်လုံးနားမှာဝဲနေတဲ့ ဆံပင်တို့ကို လေနဲ့မှုတ်တင်လိုက်ပြီး ပျင်းရိပျင်းတွဲဟန်ဖြင့်
အခန်းထဲကို ဝင်လိုက်သည်။သူတွေ့ရမယ့်လူက
ဘယ်သူမှန်းကို ပီနိုင်းလည်း မသိရှာ။

"အမည် _ ဝေသာပီနိုင်း
အကျဉ်းသားနံပါတ်_ 6268
အသက် _ 16။လက်ရှိအသက်24
စွဲချက် _ငါးလောင်းပြိုင် လူသတ်မှု
ထောင်ဒဏ်_ တစ်သက်တစ်ကျွန်း
မိသားစု _မရှိ။တစ်ကောင်ကြွက်"

အခန်းထဲဝင်ဝင်ချင်း အသံတစ်သံက ဆီးကြိုသည်။ဆေးလိပ်ကိုခဲကာ မျက်နှာချင်းဆိုင်ခုံပေါ်တွင် ထိုင်နေသည့်လူကို
ပီနိုင်း တစ်ခါမှမမြင်ဖူး။သန့်ပြန့်တဲ့ အဝတ်အစားနှင့် ထိုလူရဲ့ပုံစံက ခန့်ညားသည်။
ဆေးလိပ်ခဲထားသော နှုတ်ခမ်းတစ်စုံမှာ
နီထွေးထွေး။ရူပကာမှာ ယောက်ျားတန်မဲ့
လှလွန်းသည်မို့ ပီနိုင်းသည် သူ့ရှေ့က လူအား
သတိလက်လွတ် ခဏလောက် စိုက်ကြည့်နေမိသည်။

"ကောင်လေး မင်းငေးနေတာကို နှောင့်ယှက်ရတာတော့ အားနာပါတယ်။
ကျေးဇူးပြုပြီး ရှေ့ကခုံမှာ အရင်ထိုင်လိုက်ပါဦး။
ပြီးတော့မှ ဆက်ငေးချင်ငေးပေါ့"

အားမနာတမ်း တဲ့တိုးပြောချလာသည့် တစ်ဖက်လူစကားကြောင့် ပီနိုင်း မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
ရှေ့ကလူမှာ ပီနိုင်းရဲ့မျက်နှာအမူအရာ တစ်ခုချင်းစီကို အကဲခတ်နေပြီး မျက်ဝန်းတွေက
ပြုံးနေလေသည်။ပီနိုင်းက ခုံအလွတ်တွင်
ဝင်ထိုင်လိုက်သောအခါ ထိုလူက မေးဆတ်ပြပြီး
မေးလာ၏။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now