(U)
“I’d have die every waiting for you”
ဖုန်းမြည်သံ တစ်ချက်မှာ ကိုင်ထားတဲ့ ဘောပင်ကို
ချပြီး ချက်ချင်းကောက်ကိုင်လိုက်သည်။
ကိုယ်မျှော်နေတဲ့ ဖုန်းမို့ နည်းနည်းတောင် မမူချင်ဘူး။
“ဟယ်လို”
“မောင် ငါအလုပ်ဆင်းပြီ မင်းအခုဘယ်မှာလဲ”
"ငါမြို့ထဲက ဆိုင်မှာ အမေ့ဆီကနေ အလုပ်အကြောင်းတွေ
သင်နေတာ"
ဆိုင်သွားပြီး အလုပ်အကြောင်းသင်နေတယ်ဆိုတော့
လင်းစေရဲ့မျက်ခုံးတွေ အနည်းငယ်ပင့်သွားသည်။
“တကယ်ကြီး ဆိုင်အလုပ်လုပ်တော့မယ်ပေါ့
ငါ့ကြောင့်နဲ့ဆိုရင်တော့...”
“မင်းကိုငါအခုလာကြိုမယ် အဲ့မှာစောင့်နေ”
လင်းစေပြောနေတဲ့ စကားကို ဖြတ်ပြီး
ကြားဝင်ပြောတော့ အလျှော့ပေးလိုက်ပုံပေါ်တဲ့ လင်းစေက
ငြိမ်ငြိမ်လေးနဲ့ပဲ "အင်း"ဆိုပြီး ပြန်ဖြေသည်။
ကိုယ့်ဒေါသနဲ့ကိုယ်ရွေးချယ်ခဲ့တဲ့
လမ်းတွေမို့ သူ့ကြောင့်ပြောင်းလဲခဲ့တာ မဟုတ်ကြောင်း
သူ့ကို သေချာလေးရှင်းပြချင်မိသည်။
ဆိုင်ကယ်စီးသွားရင် တစ်ယောက်တစ်စီးဖြစ်နေမှာစိုးလို့
အငှားကားစီးပြီး ဟိုရောက်မှ သူ့ဆိုင်ကယ်ကို ဓားပြတိုက်ဖို့ ကြံလိုက်သည်။
ဆိုင်ကယ်ဘေးမှာ အထုပ်အပိုးတွေနဲ့ စောင့်နေတဲ့
ဒေါက်တာလင်းစေယံ...။
ပါးလွှာတဲ့ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး
ပြုံးပြနေတဲ့သူက လူနာတွေရဲ့ အသက်ကို
ထိုနှစ်လိုဖွယ်အပြုံးနဲ့ကုစားနေပုံပေါ်သည်။
မျက်ခုံးပေါ်က မှဲ့နဲ့ အဖျားကော့တက်နေတဲ့
မျက်တောင်တွေနဲ့တင်
ကိုယ်ကတော့ အကြိမ်ကြိမ်ရူးမိပါသည်။
“ချောလိုက်တာ”
“ချစ်စရာလေး”
နှစ်ယောက်သားပြိုင်တူပြောမိတဲ့ စကားတို့ထဲမှာ
ကိုယ်ကတော့သူ့ကို ယောက်ျားတစ်ယောက်အနေနဲ့
ချောကြောင်းပြောခဲ့ပေမဲ့ သူကတော့ ကိုယ့်ကို
“ချစ်စရာလေး”တဲ့...။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ကိုယ့်ကို အောက်တန်းပို့လိုက်တာပဲ။
ဂေါက်သီးကောင်ကတော့ ကောင်းပြလို့ကို မရဘူး။
တစ်နေကုန်နေလို့မှ အခုတစ်ချိန်လေးပဲ တွေ့ရသေးတာမို့
ဒီအခေါ်အဝေါ်နဲ့ပတ်သက်ပြီး
မငြင်းခုံချင်တော့ဘဲ မေးစရာရှိတာကိုသာ မေးလိုက်သည်။
"အိမ်ပြန်မလား ငါနဲ့ဒိတ်မလား"
"မေးနေစရာလိုသေးလို့လား အရမ်းချစ်ဖို့ကောင်းတဲ့ မောင်နဲ့ပဲ ဒိတ်လိုက်မှာပေါ့"
ပိုးသတ်ဆေးနံ့စွဲနေတဲ့ သူ့လက်နှစ်ဖက်နဲ့
ကိုယ့်ပါးကို အတင်းဆွဲညှစ်ကာပြောသည်။
ကိုယ်ရုန်းတော့ ခပ်ပြုံးပြုံးပဲ ပြန်လွှတ်ပေး၏။
"ချစ်ဖို့ကောင်းတယ်လို့ ပြောပြန်ပြီလား
ငါက ယောက်ျားလေးနော်
မင်းချီးကျူးချင်ရင် ချောတယ်၊ ခန့်တယ်၊ ကြည့်ကောင်းတယ်ဆိုတဲ့
စကားတွေမှ အများကြီး"
"ငါ ငါးပါးသီလလုံတာ မင်းသိပါတယ်
စိတ်ထဲမရှိတဲ့စကားကို လိမ်ညာပြီး မပြောချင်ဘူး
ငါ့မျက်လုံးထဲမှာ မင်းက အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတယ်"
"ကိုယ်မှန်တယ်ထင်ရင် စွတ်ငြင်းတတ်တဲ့
အကျင့်ကတော့ မပျောက်သေးဘူး"
တစ်ယောက်နဲ့တစ်ယောက် စကားနာထိုးပြီး
တီတီတာတာ မပြောတတ်ကြပေမဲ့
အလျှော့ပေးခြင်းနိယာမတရားက
နှစ်ယောက်လုံးစိတ်ထဲမှာ ကိန်းအောင်းနေတဲ့အတွက်
တစ်ယောက်တစ်ခွန်းဆီပြောရင်း
အပြုံးတစ်ပွင့်နဲ့သာ နိဂုံးချုပ်စေသည်။
သူ့ဆိုင်ကယ်နားကို လမ်းလျှောက်သွားရင်း
"ငါ့ကို ဆိုင်ကယ်သော့ပေး"လို့ တောင်းလိုက်သည်။
"နေပါ ငါပဲမောင်းပါမယ်"
"မင်းက အခုမှ အလုပ်ဆင်းတာလေ ပင်ပန်းမှာပေါ့"
"ဒါပေမဲ့ ငါမင်းကိုတင်ပြီးတော့ ဆိုင်ကယ်မောင်းချင်တယ်လေ"
ဒေါက်တာက အပြုံးလေးနဲ့ ပြောနေတော့လည်း
ကိုယ့်မှာ ကူကယ်ရာမဲ့စွာနဲ့ အလိုလိုက်မိသည်။
သူ့အနောက် ခွထိုင်ပြီး သူ့ပုခုံးကို ကိုင်တော့
ခေါင်းငဲ့ပြီး လှည့်ကြည့်သည်။
ခါးကို ဖက်စေချင်တာလား၊ ဘာဖြစ်စေချင်တာလဲတော့
မသိပေမဲ့ ကိုယ်ကတော့ အနေအထားကို မပြောင်းလိုက်မိဘူး။
ရှက်တတ်တဲ့ကိုယ်က တစ်ခုခုဆို အနေရခက်လွန်းလို့...။
ငယ်ငယ်ကလို စကားတွေ ရေပတ်မဝင်အောင်
မပြောဖြစ်ကြရင်တောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
အချိန်ကုန်ဆုံးရတာ ကြိုက်ကြတာမို့
မြို့ထဲက တိတ်ဆိတ်တဲ့ ဆိုင်တစ်ဆိုင်မှာသာ
ဆိုင်ကယ်ကို ရပ်ဖြစ်ကြသည်။
ဆိုင်ထဲကို ဝင်ဝင်ချင်း လင်းစေက
မသိမသာနဲ့ ရှင်းရဲ့လက်ကို လာထိသည်။
ရှင်း လက်ကို တွန့်ကနဲ ရှောင်တော့
သိသိသာသာ လာဆုပ်ကိုင်တဲ့ လက်နွေးနွေးတွေ...။
မျက်နှာကပါ ပူထူလာပြီး နားရွက်ဖျားတွေပါ ရဲလို့မဆုံးသေးဘူး
ဆိုင်အနောက်ခန်းကနေ ရှပ်ပျာပျာနဲ့ ထွက်လာတဲ့ စင်းကြောင့်
လင်းစေရဲ့လက်ကို ခါချလိုက်မိသည်။
"စင်း..."
ရှင်းလှမ်းခေါ်တော့ စင်းကလည်း မျက်လုံးလေးအဝိုင်းသားနဲ့
လန့်ဖျပ်သွားတော့သည်။
စင်းရှိတဲ့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့
သွားတော့ ဘေးက လင်းစေကပါ အမြန်လိုက်ရသည်။
"စင်း...နင်ဒီကို ဘယ်လိုရောက်နေတာလဲ"
"ဟို...ဟိုလေ..."
"နင်ကျူရှင်ပြေးတာလား ဟုတ်လား
ဘယ်သူနဲ့လာတာလဲ ကျူရှင်က ဒီနေ့ဘာအချိန်တက်ရမှာလဲ ဟမ်"
အဘိုးကြီးလို တစ်တွတ်တွတ်မေးပြီး
သူ့ထက်အရပ်ပုတဲ့ စင်းကို အပေါ်က
ကိုင်းညွတ်မိုးထားသည်မို့ စင်းမှာ ကြောက်ကြောက်နဲ့
ခေါင်းသာငုံနေရသည်။
အဲ့အချိန် အနောက်ခန်းထဲကနေ ထွက်လာတဲ့
ပိုင်ကြီးက ရှင်းတို့နှစ်ယောက်ကို တွေ့ပြီး
တစ်ခုခုကို ရှင်းပြရန် ပြင်လိုက်သည်။
“ရှင်း စင်းကိုမဆူပါနဲ့ ငါရှင်းပြပါမယ်
စင်းက ဒီနေ့မှ လပတ်စာမေးပွဲပြီးထားတာလေ အရင်နေ့တွေကလည်း အားကစားပြိုင်ပွဲတွေ လူရည်ချွန်စာမေးပွဲတွေနဲ့ လုံးပမ်းနေရတာဆိုတော့ သူ့အတွက် အားလပ်ချိန်က မရှိဘူး အဲ့ဒါကြောင့် ဒီနေ့အင်္ဂလိပ်ချိန်ကို ဖြတ်ပြီး သူသွားချင်တဲ့ နေရာလေးတွေ လိုက်ပို့နေတာ
လိုက်ပို့တဲ့ငါ့မှာသာ အပြစ်ရှိတာပါ”
“အဲ့တော့ငါက မင်းကို ဆူရမှာလား
ကျစ်…မိစင်း နင်အနားယူပြီးရင်လည်း ပြန်တော့”
“ဟုတ်”
ရှင်းဘေးကနေ ခေါင်းလေးငုံ့ပြီး ဖြတ်သွားတဲ့ စင်းကြောင့် ဓနပိုင်မှာ ခေါင်းရမ်းရင်းဖြင့် ရှင်းကို သက်ပြင်းချလိုက်မိသည်။
အဲ့နောက် ရှင်းနဲ့လင်းစေက စားပွဲတစ်ခုမှာ မျက်နှာချင်းဆိုင် ဝင်ထိုင်ကြရင်း သောက်စရာတစ်ယောက်တစ်ခွက်မှာလိုက်ကြသည်။
မုန့်မှာဖို့Menuကို စိုက်ကြည့်နေတဲ့ရှင်းကို လင်းစေပြောလိုက်သည်။
“ကလေးကို အဲ့လောက်ကြီးလည်း မဆူပါနဲ့ကွာ သူလည်းအနားယူချိန်ရှိရမှာပေါ့”
“အနားယူချင်ရင် အိမ်ကငါတို့ကို အသိပေးလေကွာ အခုက တစ်ခုခုဆို ပိုင်ကြီးကိုပဲ အားကိုးလွန်းတာ။
ဟိုကောင်ကလည်း စင်းတစ်ခွန်းဆို တစ်ခွန်းပဲ
အဲ့နှစ်ယောက်လုံး တစ်ရက်ရက်တော့ ငါ့အဆူခံထိတော့မယ်”
သူ့ကိုယ်သူလူကြီးတစ်ယောက်လိုလုပ်ပြီး ပူပန်ပြနေတဲ့ရှင်းကို ကြည့်ပြီး လင်းစေ သဘောတကျရယ်လိုက်မိသည်။
“ဒါနဲ့ မင်း
တကယ်ကြီးဆိုင်အလုပ်လုပ်တော့မလို့လား”
“ဟုတ်တယ်”
“ငါအဲ့ဒါကြောင့်ပြောတာ မင်းကငါ့ကြောင့်နဲ့ အကျင့်တွေ ပျက်နေတာပါဆို”
“မဟုတ်ရပါဘူးကွာ မင်းအဲ့လိုမတွေးစမ်းပါနဲ့ ဘာပဲဖြစ်ဖြစ် ငါကဒီဆိုင်အလုပ်ကို လုပ်ကိုလုပ်ရမှာပဲလေ
စင်းက ငါ့ထက်တောင်ပိုဆိုးသေးတယ် ဆိုင်အလုပ်ကို လုံးဝ စိတ်မဝင်စားဘူး”
မိသားစုလုပ်ငန်းကို သားကြီးဖြစ်တဲ့ ရှင်းက ဆက်ခံတဲ့အလုပ်တာဆိုတော့ လင်းစေမှာ ဘာမှမတားမြစ်နိုင်တော့ဘူး။
သူကိုယ့်ကြောင့်နဲ့ ခရီးတွေမထွက်တော့တာကိုတော့ လင်းစေ သေချာသိသည်။
“အင်းအင်း မင်းသဘောပဲ ဘာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ရင် ငါ့ကြောင့်ဆိုတာမျိုးတော့ မလုပ်နဲ့
ငါအပြစ်မကင်းသလို ခံစားရလို့”
အအေးခွက်တွေ ရောက်လာတဲ့အခါမှာ နှစ်ယောက်သား ပြန်လည်တိတ်ဆိတ်သွားပြီး ရှင်းက သူ့အရှေ့မှာရှိနေတဲ့ စတော်ဘယ်ရီဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်။
“ဪ…ငါမေ့တော့မလို့ သခင်က မင်းကို Group Chatထဲ ထည့်ခိုင်းနေတာ”
“ဘယ်သူတွေ ရှိလို့လဲ”
“ငါတို့ ခုနစ်ယောက်ပဲလေ စကားတော့ အမြဲမပြောဖြစ်ပါဘူး ဒါပေမဲ့ မင်းနဲ့ကမတွေ့တာကြာပြီဆိုတော့…”
“ဒါဆိုလည်း ထည့်လိုက်လေ”
လင်းစေကို Groupထဲထည့်ပြီးတဲ့အချိန်မှာ
အရင်တစ်ခေါက်က ဆည်းဆာပြောခဲ့တဲ့ သတင်းတစ်ခုကို ရှင်း သတိသွားရမိသည်။
မယုံချင်ပေမဲ့ တကယ်များဖြစ်နေမလားဆိုတဲ့
စိတ်ကြောင့် မေးဖို့ရန်အတွက် ရှင်းတုံ့နေမိသည်။
“ဟို…ငါတစ်ခုမေးမလို့”
လင်းစေက မေးလေဆိုတဲ့ပုံနဲ့ ခေါင်းညိတ်တော့ ရှင်းလည်း စကားကို ပြန်ဆက်သည်။
“ဆည်းဆာတစ်ခါပြောဖူးတယ် မင်း…နိုင်ငံခြားမှာ ကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်ဆို”
“ဟင် မဟုတ်တာ…ဆည်းဆာကို ဘယ်သူပြောတာလဲ”
“မင်းအမေတဲ့”
“မဟုတ်တာတွေ ကောင်မလေးတွေနဲ့တွဲဖို့နေနေသာသာ ကောင်လေးသူငယ်ချင်းတောင် များများစားစားရှိခဲ့တာ မဟုတ်ဘူး
အမေက ဘာလို့အဲ့လိုလျှောက်ပြောရတာလဲ”
လင်းစေ သူ့အမေကို နားမလည်နိုင်သလိုပုံစံနဲ့ မျက်မှောင်ကြုတ်မိလိုက်သည်။
အဲ့အချိန် ဖုန်းကနေထွက်ပေါ်လာတဲ့ Notiသံကြောင့် ဖွင့်ကြည့်မိတော့ သခင့်ဆီကနေ ဖြစ်သည်။
“လင်းမြွေပျံလား”
“အေးဟုတ်တယ် ငါ”
“နင်မြန်မာပြည်ပြန်ရောက်နေတယ်ဆို ငါတို့လည်း မကြာခင်ပြန်လာတော့မှာ”
“အပြီးလား”
“အပြီးတော့ မဟုတ်ဘူး ငါကအပြီးပြန်ချင်တာ ဒီးဒီးက ဒီမှာဆိုင်ဖွင့်မယ်လုပ်နေလို့”
“နင်ကရော အဲ့မှာမဖွင့်ချင်ဘူးလား”
“ငါကမြန်မာနိုင်ငံမှာပဲ အလုပ် လုပ်ချင်တာ သူနဲ့ကညှိမရဘူးဖြစ်နေတယ်”
နှစ်ယောက်တစ်တွဲဖြစ်နေကြတဲ့
သူငယ်ချင်းတွေထဲမှာ ကီးကိုက်တာဆိုလို့ ဇော်နဲ့ဆည်းဆာသာ ရှိသည်။
ဆည်းဆာက ဦးဆောင်နိုင်တဲ့ မိန်းကလေးဖြစ်ပြီး
ဇော်က ဆည်းဆာသဘောအတိုင်း ခေါင်းညိတ်တတ်သူမို့
တစ်ခုခုစီစဉ်တိုင်း ငြင်းခုန်ရခြင်းမျိုး သိပ်မရှိတတ်။
ဒီးဒီးနဲ့သခင်ကျတော့ နှစ်ယောက်လုံးက စိတ်ကူးဉာဏ်ကွန့်ပြီး ကိုယ်တိုင်ရွေးချယ်တတ်ကြသူတွေမို့ မကြာခဏဆိုသလို စကားများစိတ်ကောက်ကြသည်။
လင်းစေ ရှင်းရဲ့မျက်နှာကိုကြည့်ပြီး
မေးလိုက်ပြန်သည်။
“မင်းရဲ့ဝါသနာက ဘာလဲ”
“ဘာလို့အခုချိန်ကျမှ ဝါသနာအကြောင်းမေးနေတာလဲ
ငါတို့အသက်အရွယ်က ဝါသနာကဘာလဲဆိုပြီး စဉ်းစားရတော့မယ့်အရွယ် မဟုတ်တော့ဘူးထင်တယ်”
“မင်းလုပ်နေတဲ့အလုပ်တွေနဲ့ မင်းဝါသနာတစ်ထပ်တည်း မကျမှာစိုးလို့ပါ”
“ငါ့ဝါသနာက ဘာလဲဆိုတာ ငါသေချာမသိဘူး
ဒါပေမဲ့ ငါ့ဘဝရဲ့ဖြတ်သန်းချိန်တွေမှာ မင်းဆိုတဲ့ အကြောင်းပြချက်က အမြဲပါနေတယ်
မင်းကငါ့ရဲ့ အဓိကပန်းတိုင်မို့လို့ ငါ့ဝါသနာကို ထပ်မမေးနဲ့”
ကိုယ့်ကို အရာအားလုံးအဖြစ် သတ်မှတ်ထားတဲ့ ရှင်းကြောင့် လင်းစေစိတ်ထဲ အနည်းငယ်ပူပန်ချင်လာသည်။
ကိုယ်တိုင်ကလည်း သူ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့
နေထိုင်လာခဲ့သူဆိုပေမဲ့
ကိုယ့်ဘဝတက်လမ်းတွေ နှောင့်နှေးသွားမှာထက် သူ့ဘဝလေးယိုယွင်းသွားမှာကို စိုးရိမ်မိသည်။
ဥပမာ ခရီးသွားဘလော့ဂါကနေ
အခုလိုဆိုင်လုပ်ငန်းတွေဘက် လှည့်လိုက်တာမျိုးပေါ့။
အကယ်၍…အကယ်၍များ လင်းစေသာ ရှင်းအနားက ထပ်ထွက်သွားရမယ်ဆိုရင်
ရှင်းက အရင်လို ခရီးတွေထပ်ထွက်ဖြစ်ဦးမလားပဲ…။
ကောင်လေးကို စိတ်ပူတာက ဒီလိုမစဉ်းစားဘဲ တဇွတ်ထိုးလုပ်တတ်တာတွေကြောင့်…။
»»————><————««
ရှင်းတစ်ယောက် ကောင်တာမှာထိုင်ရင်း စာရင်းတွေကို အစကနေသေချာပြန်စစ်ဆေးနေသည်။
အရင် ဝန်ထမ်းတွေ လုပ်ထားခဲ့တဲ့စာရင်းတွေကိုပါ ပြန်ကြည့်ပြီး အရင်လတွေနဲ့ အခုလရဲ့ ဝင်ငွေ ထွက်ငွေကို ပြန်လည် စိစစ်သည်။
“ရူပါရေ ငါ့ကို ရှမ်းခေါက်ဆွဲနှစ်ဘူးလောက် အမြန်လေးပေးစမ်းပါ”
ဆိုင်ထဲဝင်ဝင်ချင်း အလောတကြီးမှာယူသံကြားလို့ လှမ်းကြည့်လိုက်တာ သခင့်အမေဖြစ်နေသည်။
ရှင်းလည်းထိုင်နေရာက ထပြီး ဆိုင်ထုတ်Ready Madeဘူးနှစ်ဘူးကိုယူပြီး သွားပေးလိုက်သည်။
“အရေးကြီးကိစ္စရှိလို့လား အန်တီ”
“ဟုတ်တယ် ကိစ္စကတော့ နင့်သူငယ်ချင်းပဲ
အခုလေဆိပ်ကိုရောက်နေပြီတဲ့”
“ဟင် သခင်ပြန်လာပြီလား
သူပြောတော့ နောက်နှစ်လလောက်နေမှဆို”
“အဲ့ဒါပြောတာ…လုပ်လိုက်ရင် ဗြုန်းစားကြီးပဲ ကဲကဲအန်တီသွားဦးမယ်”
လေဆိပ်နဲ့ ရှင်းထိုင်နေတဲ့ဆိုင်က
သိပ်မဝေးလှတာကြောင့် သခင့်အမေက မနက်အစောကြီး လမ်းကြုံဝင်ဝယ်လိုက်ပုံပေါ်သည်။
ရုတ်တရက်ကြီးအကြောင်းမကြားဘဲ ပြန်လာပုံထောက်ရင် သူဒီးဒီးနဲ့ ရန်ဖြစ်လာလို့ဆိုတာ ရှင်းတင်မက လူကြီးတွေလည်း ရိပ်မိကြလောက်မည်ဟုထင်သည်။
ခဏကြာတော့ သခင်တို့ကားက
ရှင်းတို့ဆိုင်ရှေ့က ဖြတ်သွားတာကို တွေ့လိုက်ရသည်။
ဒီကောင်မလေး ဘာတွေဂျစ်တိုက်ဦးမလဲ
မသိပါဘူး။
ကားထဲမှာပါသွားတဲ့ သခင်ကတော့ သူ့အမေဘေးမှာ ထိုင်ရင်း ရေငုံနှုတ်ပိတ် တိတ်ဆိတ်လို့နေသည်။
သူဆုံးဖြတ်ထားသည်။ ဒီတစ်သက်ဒီးဒီးရှိတဲ့နေရာကို ထပ်မသွားတော့ဖို့။
မျက်လုံးမှိတ်လိုက်တိုင်း တစ်စုံတစ်ခု ကိုယ့်နှုတ်ခမ်းလွှာကို လာထိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်လုံးတို့မှာ ပြန်လည်ပွင့်သည်။
ထိုအရာက သခင်နမ်းနေကျ နှုတ်ခမ်းတွေနဲ့ မတူဘဲ တမူထူးခြားသည်။
ကိုယ်နဲ့ တစ်သက်လုံး ဂျစ်တိုက်ရင်းနဲ့
စကားနိုင်လုပြောလာတဲ့ နှုတ်ခမ်းတစ်စုံ…။
ပြန်တွေးတိုင်း ပေါ်လာတတ်တဲ့ သူ့မျက်ဝန်းနဲ့ သူ့နှုတ်ခမ်းပါးရဲ့ အထိအတွေ့တွေက
သခင့်ရဲ့သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့သည်။
အိပ်ခန်းထဲရောက်တာနဲ့ လက်ထဲပါလာတဲ့
ခရီးဆောင်အိတ်ကို
လွှတ်ချပြီး ခြေထောက်နဲ့အားကုန်တက်နင်းချေပစ်လိုက်သည်။
“အရူးမ!”
မျက်နှာတစ်ခုလုံးကို လက်ဝါးတွေနဲ့ပွတ်ချပြီးနောက်မှာ
ကိုယ့်နှုတ်ခမ်းကိုယ်လည်း
လက်ဖနောင့်နှစ်ဖက်နဲ့ စိတ်ရှိတိုင်း ပွတ်ဆွဲနေမိသည်။
သခင်က တရုတ်နိုင်ငံမှ သင်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံး
“ရည်းစားမထားနဲ့”ဆိုပြီး ဒီးဒီးတောင်းထားတဲ့ ကတိကြောင့် ရည်းစားလုံးဝမထားဘဲ နေခဲ့သည်။
လွန်ခဲ့တဲ့တစ်ပတ်ကလည်း သင်တန်းကပြီးပြီဆိုတော့
ကတိက အကျုံးမဝင်တော့ဘူးထင်ပြီး
သခင်က သူသဘောကျနေတဲ့ကောင်လေးကို အဖြေပေးမိလိုက်သည်။
ဒါကို သိသွားတဲ့ ဒီးဒီးက စိတ်ဆိုးစိတ်ကောက်လုပ်တာမျိုးတော့ မရှိပါဘူး။
တစ်ပါးတိုင်းပြည်မှာရောက်ပြီး
လူမျိုးခြားနဲ့ချစ်ကြိုက်တာမို့
ကိုယ့်တန်ဖိုးမလျော့အောင်နေထိုင်ဖို့တော့ သတိပေးခဲ့သည်။
တစ်ညမှာ သခင်က အိမ်ပြန်နောက်ကျနေပြီး
ဒီးဒီးကလည်း အရမ်းစိတ်ပူနေတာမို့
တိုက်ခန်းမြေညီထပ်ရဲ့ လှေကားနားမှာ ရပ်စောင့်နေခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် မြေညီထပ်က မီးလုံးပျက်နေတာမို့ ဒီးဒီးရပ်နေတဲ့ နေရာက မှောင်ရိပ်ကျနေသည်။
ဆယ့်နှစ်နာရီကျော်လောက်မှာ
သခင်က ကားတစ်စီးနဲ့ ပြန်လာခဲ့သည်။
ကားပေါ်က သူ့ကောင်လေးကလည်း ကားပေါ်ကဆင်းပြီး သူ့ကိုတံခါးလာဖွင့်ပေးသည်။
သခင် ကားပေါ်က ဆင်းလာတော့
ထိုအမျိုးသားက သခင့်ခါးကို လက်နဲ့ဖက်ပြီး နောက်တစ်ဖက်က သခင့်လည်ပင်းကို ကိုင်ကာ
နှုတ်ခမ်းအား နမ်းရှိုက်လိုက်သည်။
သခင်အခုလို တခြားကောင်လေးတွေနဲ့နမ်းတာကို
မမြင်ဖူးတဲ့ ဒီးဒီးက ဒေါသတွေ လှိုက်တက်ရင်းနဲ့ပဲ
သူတို့နှစ်ယောက်အနားကိုသွားကာ
အမျိုးသားကိုဆောင့်တွန်းပြီး မျက်နှာကို လက်သီးနဲ့ ဆွဲထိုးလိုက်သည်။
ထိုလူကလည်း ရုတ်တရက်မို့ လက်နဲ့ပြန်ရွယ်လိုက်ပေမဲ့ မိန်းကလေးဖြစ်နေတာကြောင့်
ဘာမှပြန်မလုပ်ဖြစ်တော့ဘူး။
သခင်ကလည်း ကြားထဲက ဝင်တောင်းပန်သည်မို့ ထိုအမျိုးသားလည်း ကားစီးပြီးပြန်သွားတော့သည်။
ထိုလူပြန်သွားတဲ့အချိန်မှာ သခင်က
ဒီးဒီးကို ရန်စလုပ်ပါတော့သည်။
“နင်ဘာလို့သူ့ကို သွားထိုးရတာလဲ”
“သူနင့်ကို နမ်းနေလို့လေ”
“ငါခွင့်ပြုလို့နမ်းတာ နင့်အတွက် ဘာပြဿနာဖြစ်သွားလို့လဲ”
“ဒါပေမဲ့ သူနဲ့နင်တွဲတာ ငါးရက်လောက်ပဲရှိသေးတယ်လေ
နင်ဒီလောက်ထိ မရက်ရောသင့်ဘူး”
“ငါ့စိတ်နဲ့ငါချစ်လို့လက်ခံတာ ရက်ရောတော့ ဘာဖြစ်လဲ”
“ဘာ…ရက်ရောတော့ဘာဖြစ်လဲဟုတ်လား နင်အဲ့လောက်အနမ်းခံချင်နေရင် ငါနမ်းပေးမယ်”
ရီဝေဝေဖြစ်နေတဲ့ သခင့်မျက်နှာကို လက်နှစ်ဖက်နဲ့
ကိုင်ရင်း မျက်လုံးတွေမှိတ်ကာ နမ်းရှိုက်လိုက်သူကြောင့် သခင်မျက်လုံးတွေ ပြူးကျယ်သွားသည်။
ကိုယ်မျက်လုံးဖွင့်နေချိန်မြင်လိုက်ရတဲ့
သူ့မျက်ခွံမို့မို့တွေနဲ့ ထိတွေ့လိုက်ရတဲ့ နှုတ်ခမ်းသားကြောင့်
သခင်လန့်ဖျပ်ပြီး ဒီးဒီးကို ပါးချလိုက်မိသည်။
အဲ့နေ့မိုးလင်းလင်းချင်း ချက်ချင်းတိုက်ခန်းကနေ ထွက်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်တဲ့
သခင်က ဒီအကြောင်းတွေကို ဘယ်သူ့များရင်သွားဖွင့်ရပါ့မလဲ။
ပုံမှန်ရင်ဖွင့်နေကျ လူက အပြစ်သားဖြစ်နေတော့ သခင့်မှာ ကူကယ်ရာမဲ့တော့တာပေါ့။
_မေပုံပြင်ဟန်_
(4.10.2022)
အသိမပေးဘဲ ပျောက်သွားမိလို့ အားနာရပါတယ်
အချိန်ရင်ရသလို ရေးပြီး Updateပေးပါမယ်
စောင့်နေတဲ့ Readerတစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားလျက်...💚
![](https://img.wattpad.com/cover/304305920-288-k535533.jpg)
YOU ARE READING
စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]